



၄. ၃. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့၊ ကရင်မလင် နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံသမ္မတ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြည်ပဆက်ဆံရေး လက်ထောက်အရာရှိ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။





ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Vladimir Vladimirovich Putin က ဒုတိယအကြိမ် ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခု နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုး နိုင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာလည်း ယခင်ကထက်ပိုမို တိုးတက်လာပြီဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ မော်စကိုမြို့တွင် တွေ့ဆုံမှုအတွက် ဝမ်းမြောက်ကြောင်းကို မိမိအနေဖြင့် ထပ်မံပြောကြားလိုကြောင်းနှင့် ကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌက မော်စကိုမြို့၌ တွေ့ဆုံရမှုအတွက်ကျေးဇူးတင်ရှိကြောင်း၊ (၇) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၌ တွေ့ဆုံခဲ့ပြီး ယခုအခါ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံသည်မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဝေးကွာသော်လည်း ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ ဖြစ်ပါ ကြောင်း၊ နှစ်နိုင်ငံသည် ရှေးသမိုင်းအစဉ်အဆက်ကတည်းကပင် အေးအတူပူအမျှ နေထိုင်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမှာ (၇၇)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုသည် မိမိတို့နှစ်နိုင်ငံအတွက် များစွာအကျိုးရှိပါကြောင်း၊ တွေ့ဆုံမှုအတွက်လည်း ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရေးကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုး ရေးမွေးမြူရေးနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။