
၄. ၃. ၂၀၂၅
Written by Nay Moe
လက်နက်မဲ့အမျိုးသားတစ်ဦးကို ပဲခူး PDF သုံးဖွဲ့က ပျူစောထီးဟု စွပ်စွဲ တံဆိပ်ကပ်ကာ သတ်ဖြတ်လိုက်ပြီး ဖုန်းလုယက်မှု ယနေ့ဖြစ်ပွားခဲ့သည်။
ဖြစ်စဥ်မှာ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဦးတိုကညင်ပင်အုပ်စု၊ ဦးတိုမြန်မာစုကျေးရွာနေ ကိုခင်မောင်ဝင်းအား ယနေ့ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁နာရီ ၁၀ မိနစ်တွင် တာကလေးရွာ ရန်ကုန်-ပြည် လမ်းဘေးရှိ ဇရပ်ထဲ၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်း၍ ဦးခေါင်းအား သေနတ်ကျည် ၁ ချက် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး မိုလ်ဘိုင်းဖုန်း ၁လုံး လုယက် သိမ်းဆည်းခဲ့သည်ဟု ကျူးလွန်သည့် PDF သုံးဖွဲ့၏ ဝန်ခံချက်အရ သိရသည်။


ကိုခင်မောင်ဝင်းသည် စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ အတင်းအကြပ်ကောက်ခံပြီး ငွေမပေးသူများအား စစ်တပ်ခေါ် ဖမ်းဆီးခိုင်းခြင်း၊ မမှန်သတင်း ပေးကာ ပြည်သူများအား ဖမ်းဆီးခိုင်းခြင်း ၊ PDF များ၏ သွားလာလှုပ်ရှားမှုများအား စုံစမ်းထောက်လှမ်း၍ သတင်းပေးခြင်းများ လုပ်ဆောင်နေသောကြောင့် ယခုလို သတ်ဖြတ်သည်ဟု ကျူးလွန်သည့် PDF သုံးဖွဲ့က ဆင်ခြေပေးသော်လည်း အဆိုပါ စွပ်စွဲချက် မှန် မမှန် MT News က မြေပြင် အတည်မပြုနိုင်ချေ။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြားကို PDF တို့က လုပ်ကြံ သတ်ဖြတ်မှုများသည့်တိုင်းတစ်ခုဖြစ်သော်လည်း ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ ထို့အတူ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော်အပါး ၁၀၀ ခန့်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ပတ်လည်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။