
၄.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မက္ကဆီကိုနိုင်ငံနဲ့ ကနေဒါနိုင်ငံတို့မှ တင်သွင်းကုန်တွေအပေါ်မှာ ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တင်သွင်းကုန်များအပေါ်မှာ နှစ် ဆတိုးပြီး ၂၀ ရာခိုင်နှုန်းအထိကောက်ခံဖို့ အမိန့်ထုတ်ခဲ့တာက မတ်လ ၄ ရက်မှာ စတင်အကျိုးသက် ရောက်မယ်လို့ သိရပြီး အမေရိကန်အနေနဲ့ သူ့ရဲ့ထိပ်တန်းကုန်သွယ်ဖက်သုံးနိုင်ငံနဲ့ ကုန်သွယ်ရေးပဋိပက္ခ ဖြစ်ပွားတာက အမြင့်မားဆုံးအခြေအနေကို ရောက်လာတယ်လို့ ဆိုရမှာပါ။
သမ္မတထရန့်က ဒီသုံးနိုင်ငံအတွက် ကုန်သွယ်စည်းကြပ်ခွန် ဒေါ်လာ ၂ ဒသမ ၂ ထရီလျံအထိ တိုးမြှင့်နိုင်တဲ့ အခွန်ရယူကောက်ခံမှုတွေက ဂရင်းနစ်စံတော်ချိန် ၅ နာရီ ၁ မိနစ်မှာစတင်တယ်လို့ကြေညာခဲ့ပါတယ်။ သူက ဒီ သုံးနိုင်ငံစလုံးဟာ Fentanyl Opioids လို လူကို သေစေနိုင်တဲ့ဆေးဝါးတွေနဲ့ သူတို့လိုဓာတု ဒြပ်ပေါင်းတွေ အမေရိကန်နိုင်ငံထဲစီးဝင်နေမှုကို တိုက်ဖျက်ဖို့ ထိထိရောက်ရောက်မဆောင်ရွက်ခဲ့ကြဘူးလို့ ပြောခဲ့ပါတယ်။
တရုတ်အစိုးရကလည်း တချို့သော အမေရိကန်မှသွင်းကုန်တွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၀ ရာခိုင် နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မတ်လ ၁၀ ရက်မှ စတင်သတ်မှတ်ကောက်ခံမှာဖြစ်ပြီး အမေရိကန်ကုမ္ပဏီတွေအတွက် ပို့ကုန်ကန့်သတ်ချက်အသစ်တွေလည်း ပြုလုပ်ကာ ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ခွန်ကင်းလွတ်တဲ့ ကုန်သွယ်ရေးဆက်ဆံမှုကို ဆယ်စုနှစ်သုံးခုခန့် ပြုလုပ်လာတဲ့ ကနေဒါနဲ့ မက္ကဆီကိုတို့အနေနဲ့ကလည်း သူတို့ရဲ့ ရေရှည်ကုန်သွယ်ရေးမဟာမိတ်ကြီးအပေါ် လက်တုံ့ပြန်ဖို့ အသင့်ရှိနေကြပုံရပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါက ကနေဒါအစိုးရအနေနဲ့ အမေရိကန်မှသွင်းကုန်တွေထဲက ကနေဒါ ဒေါ် လာ ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇ ဘီလျံ) ဖိုးရှိ ပစ္စည်းတွေကို ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကို ချက်ချင်းကောက်ခံသွားမှာဖြစ်ပြီး၊ နောက်ထပ် ကနေဒါ ဒေါ် လာ ၁၂၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၂ ဘီလျံ) ဖိုးရှိ ပစ္စည်းတွေကိုတော့ တကယ်လို့ ထရန့်က သုံးပတ်အတွင်း သူ့ရဲ့ ကုန်သွယ်စည်းကြပ်ခွန်တွေကို ဆက်လက်ထားရှိနေရင် ဆက်လက်တိုးမြှင့်ကောက်ခံမယ်လို့ ပြောခဲ့ပါတယ်။
သူက ကနေဒါအနေနဲ့ ကုန်သွယ်ခွန် ကောက်ရာမှာ အရင်ကတော့ အမေရိကန်ဘီယာ၊ ဝိုင်၊ ဝီစကီ၊ အိမ်သုံးပစ္စည်းကိရိယာတွေနဲ့ ဖလော်ရီဒါလိမ္မော် ဖျော်ရည်တို့ကို ပစ်မှတ်ထားခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။
ထရူးဒေါက ထရန့်ရဲ့ ဒီလိုလုပ်ဆောင်မှုက အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့လည်း ပြောခဲ့ပါတယ်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းအနေနဲ့လည်း မက္ကဆီကိုစီတီးမှာ မတ်လ ၄ ရက်မှာ သတင်းစာ ရှင်းပွဲ လုပ်ပြီးရင် တုံ့ပြန်ဆောင်ရွက်မှုကို ကြေညာဖို့မျှော်လင့်ရတယ်လို့ မက္ကဆီကိုအစိုးရစီးပွားရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
အမေရိကန်အစိုးရက တရုတ်မှသွင်းကုန်တွေအပေါ်အခွန်၂၀ ရာခိုင်နှုန်းကောက်ခံရာမှာတော့ စမတ်ဖုန်း၊ လက်ပ်တော့၊ ဗီဒီယိုဂိမ်းစက်တွေ၊ စမတ်နာရီတွေ၊ စပီကာတွေနဲ့ ဘလူးတု ကိရိယာတွေစတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ပါမှာပါ။ ဒီထဲက တစ်ပိုင်းလျှပ်ကူးပစ္စည်းဆိုရင် အရင်သမ္မတဂျိုးဘိုင်ဒန် လက်ထက်ကလည်း စည်းကြပ်ခွန် ကောက်ခဲ့တာမို့ အခုဆိုရင် နှစ်ဆတိုးကာ ၅၀ ရာခိုင်နှုန်းအခွန်ကို ပေးဆောင်ရမှာပါ။တရုတ်လျှပ်စစ်ကားတွေဆိုရင်တော့ စည်းကြပ်ခွန် ၁၀၀ ရာခိုင်နှုန်းအထိရှိလာတာပါ။
တရုတ်အစိုးရက တုံ့ပြန်ခဲ့ရာမှာလည်း အသားတွေ၊ အစေ့အဆန်တွေ၊ ဝါဂွမ်း၊ သစ်သီးတွေ၊ ဟင်းသီး ဟင်းရွက်နဲ့ နို့ထွက်ပစ္စည်း စတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ပစ်မှတ်ထားခဲ့တာပါ။ အမေရိကန်လယ်သမားတွေဟာ ထရန့်ရဲ့သမ္မတအဖြစ် ပထမသက်တမ်းမှာလည်း ကုန်သွယ်ရေးစစ်ပွဲကြောင့် များစွာထိခိုက် နစ် နာခဲ့ရပါတယ်။ အမေရိကန်ကုမ္ပဏီ ၂၅ ခုကိုတော့ အမျိုးသားလုံခြုံရေးအခြေခံတွေအရ ပို့ကုန်နဲ့ ရင်းနီးမြှုပ်နှံမှု တင်းကျပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူတို့ထဲက ဆယ်ခုကတော့ တရုတ်တိုင်ဝမ်ကို လက်နက်ရောင်းနေတာတွေလို့ ဆိုပါတယ်။
တရုတ်စီးပွားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အမေရိကန်အစိုးရရဲ့ စည်းကြပ်ခွန်တွေက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့ အဓိက ကုန်သွယ်ဖက်တွေအကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်တဲ့အထိ တင်းမာလာကြရင်ဖြင့် နှစ်ဖက်စလုံးထိခိုက်နစ်နာရုံမက တခြားနိုင်ငံတွေပါ အနည်းနဲ့အများကုန်သွယ်ရေး၊ စီးပွားရေးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
Ref-Reuters