
၄.၃.၂၀၂၅
Written by Hey Mar
ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းကနေ ကလီဆိပ်ကမ်းကိုမောင်းနှင်လာတဲ့ သမ္ဗာန်တစ်စီး၊ ကလီဆိပ်ကမ်းအနီး တိမ်းမှောက်တဲ့အတွက် သမ္ဗာန်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တစ်ဦး ပျောက်ဆုံးရှာဖွေနေဆဲလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ဆိပ်ကမ်းမှ ကလီဆိပ်ကမ်းဆီ လှေသမားအပါ ၁၂ ဦး တင်ဆောင်မောင်းနှင်လာတဲ့ သမ္ဗာန်ယာဉ်(၁)စီး ကလီဆိပ်ကမ်းအနီးမှာ ဒီနေ့ မတ်လ ၄ ရက်နေ ညနေ ၃ နာရီဝန်းကျင်က တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အဆိုပါ တိမ်းမှောက်မှု သတင်းရရှိတာကြောင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ထွက်ခွာဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်အတွင်း သမ္ဗာန်ပေါ်ရှိ လှေသမား အပါ ၁၂ ဦးအနက် (၁၁)ဦးကို ကယ်ဆယ်နိုင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ထားရှိပြီး ကျန်ပျောက်ဆုံးနေသူ (၁)ဦးကို ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ သိရပါတယ်။