
၄. ၃. ၂၀၂၅
Written by Nyein Kyaw
ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu၊ ရုရှားဒူးမားအောက်လွှတ်တော်ဥက္ကဋ္ဌ Mr. Vyacheslav Volodin တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။



SAC ဥက္ကဋ္ဌသည် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်သွယ်ဆက်ဆံရေး၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မော်စကိုတွင်ကျင်းပမည့် နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကြီးတွင် မြန်မာကိုယ်စားလှယ်များ တက်ရောက်ရေးနှင့် လုံခြုံရေးဆိုင်ရာဖိုရမ်များတွင် မြန်မာကိုယ်စားလှယ်များကို ဖိတ်ခေါ်မည့်ကိစ္စရပ်များ ဆွေးနွေးခဲ့သည့်အပြင် ရုရှားနိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူးအား SAC ဥက္ကဋ္ဌက ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ဖြစ်သည့် စည်သူဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ရုရှားဒူးမားအောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ SAC ဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Photo – Credit)