MT News
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့လက်အောက်မှ တပ်ဖွဲ့ဖြစ်သော လက်နက်ကိုင်ရဲတပ်ရင်း(APBn) က ဘင်္ဂါလီလူမျိုးများကို ခြိမ်းခြောက်ငွေညှစ်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း နှင့် မှားယွင်းဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က ဇန်နဝါရီလ ၁၇ ရက်တွင်ပြောကြားခဲ့သည်။
APBn သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီလူမျိုးများ၏ ဒုက္ခသည်စခန်းများ၌ လုံခြုံရေးအတွက် တာဝန်ယူလှုပ်ရှားဆောင်ရွက်သည်။ ဘင်္ဂါလီတို့အနေဖြင့် ၎င်းတို့အား ကာကွယ်စောင့်ရှောက်မည်ဟုဆိုခဲ့သော ရဲတပ်ရင်းများ၏ မတရားနှိပ်စက်ညှင်းပန်းမှုများကြောင့် ကော့ဘဇားဒေသရှိ စခန်းများတွင်ဆိုလျှင် ဘင်္ဂါလီတို့မှာ ဒုက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အာရှတိုက်ကျွမ်းကျင်ပညာရှင် ရှေနာ ဘော့ချ်နာက ပြောကြားခဲ့သည်။ ထို့ပြင် ရဲတပ်ရင်းအရာရှိများ၏ ဆိုးဝါးသော မတရားနှိပ်စက်ညှင်းပန်းမှု ၁၆ ခုအထိရှိခဲ့ကြောင်းလည်း HRW က ပြောခဲ့သည်။
ရဲတပ်ရင်းအရာရှိများသည် ဘင်္ဂါလီဒုက္ခသည်များအား ဖမ်းမည်ဟုခြိမ်းခြောက်ကာ လာဘ်ငွေတောင်းခြင်း၊ ဘင်္ဂါလီမိသားစုများ၏ မတရားဖမ်းဆီးခံထားရသော ၎င်းတို့မိသားစုဝင်များ လွှတ်ပေးရေး(သို့မဟုတ်)ငွေချေးငှားမှုပြုရေးအတွက် ရွှေနှင့်လက်ဝတ်ရတနာများကို အတင်းအကျပ်ရောင်းခိုင်းခြင်းတို့ကို မကြာခဏတွေ့ကြုံရသည်ဟုလည်း HRW က ပြောခဲ့သည်။
ရှေနာ ဘော့ချ်နာက အာဏာပိုင်များအနေဖြင့် အဆိုပါတိုင်ကြားမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန် နှင့်တာဝန်ရှိရဲအရာရှိများကို အရေးယူသွားရန် တောင်းဆိုခဲ့သည်။ သို့ရာတွင် ရဲတပ်ရင်းတပ်ရင်းမှူး ဆရက် ဟာရူနော် ရာရှစ်က အဆိုပါ ပြောကြားချက်များက သံသယဖြစ်ဖွယ်ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူများအား သက်သောင့်သက်သာ ရှိစေရေးပြောပေးသကဲ့သို့ပင်ဖြစ်နေကြောင်း ပြောခဲ့သည်။
ရဲတပ်ဖွဲ့က ဘင်္ဂါလီတို့၏စခန်းများအတွင်း အကြမ်းဖက်မှုများစွာဖြစ်ပွားလျက်ရှိကြောင်း၊ ထိုစခန်းများက လက်နက်ကိုင်အုပ်စုများနှင့် မူးယစ်ဆေးဝါး တရားမဝင်ကူးသန်းရောင်းဝယ်သူများ၏ ဌာနချုပ်များသဖွယ်လည်းဖြစ်နေကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်းက ဒုက္ခသည်စခန်းများအတွင်း ဘင်္ဂါလီလူ့အဖွဲ့အစည်း၏ထိပ်သီးခေါင်းဆောင်များအပါအဝင် ဘင်္ဂါလီ အနည်းဆုံး ၂၀ ဦးခန့်မှာ လက်နက်ကိုင်စစ်သွေးကြွများနှင့် စားကျက်မြေလုပွဲတိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းတိုက်ခိုက်မှုများအတွင်းသေဆုံးခဲ့ရကြောင်း ပြောခဲ့သည်။
Ref–AFP