
၄. ၃. ၂၀၂၅
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုခဲ့ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
SAC ဥက္ကဋ္ဌသည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ မော်စကိုမြို့ရှိ အညတရစစ်သည်ဂူဗိမာန်သို့ ရောက်ရှိကြရာ မော်စကို တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ယင်းနောက် ရှေ့ဆောင်စစ်သည်နှစ်ဦးမှ ဦးဆောင်၍ လွမ်းသူပန်းခွေအား သယ်ဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြုသည်။ လွမ်းသူပန်းခွေချ အလေးပြုစဉ် အချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းအား တီးမှုတ်ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူပြီး တာဝန်ရှိသူများကိုရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထိုသို့နှုတ်ဆက်စဉ် ရုရှားဖက်ဒရေးနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာ့ တပ်မတော် စစ်သီချင်းများဖြင့် ဂုဏ်ပြုတီးမှုတ်ခဲ့ကြောင်း သတင်းရရှိသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် SAC ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၃ ရက် (ယမန်နေ့) နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားပြီး ညနေပိုင်းတွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိချိန်တွင် SAC ဥက္ကဋ္ဌကို ရုရှားနိုင်ငံက ဂုဏ်ပြုတပ်ဖွဲနှင့် ကော်ဇောနီလျှောက်လမ်းခင်း၍ ကြိုဆိုခဲ့သည်။