
၄.၃.၂၀၂၅.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်စကီးတို့ အိမ်ဖြူတော်မှာတွေ့ဆုံစဉ် အချင်းများမှုကြောင့် ယူကရိန်းကို အဓိက စစ်လက်နက်ပစ္စည်းထောက်ပံ့နေတဲ့ အမေရိကန်အနေနဲ့ ဆက်လက်ကူညီပါဦးမလား သံသယတွေပေါ်ထွန်းလာနေချိန်မှာပဲ ဒေါ်နယ်ထရန့်က ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းအထောက်အပံ့တွေအားလုံးရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက Bloomberg သတင်းဌာနကို မတ်လ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါအိမ်ဖြူတော်တာဝန်ရှိသူက ယူကရိန်းခေါင်းဆောင်တွေအနေနဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် ရိုးသားစွာလိုချင်လို့ အားထုတ်နေတယ်လို့ သမ္မတထရန့်အနေနဲ့ ဆုံးဖြတ်ချက်မချမချင်း ဒီစစ်ရေးအထောက်အပံ့ကို ရပ်ဆိုင်းထားမယ်လို့လည်း ပြောခဲ့ပါတယ်။
ဒီညွှန်ကြားချက်အမိန့်က ချက်ချင်းအသက်ဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ ရပ်ဆိုင်းမှုကြောင့် ယူကရိန်းကိုပေးဖို့ရှိတဲ့ ဒေါ်လာတစ်ဘီလျံကျော်တန်ဖိုးရှိ လက်နက်နဲ့ ခဲယမ်းတွေအပေါ် အကျိုးသက်ရောက်မှုရှိမှာပါ။ ဒီဆုံးဖြတ်ချက်က သမ္မတ ထရန့်နဲ့ သူ့ရဲ့ အကြီးတန်းအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တွေအကြား ဆွေးနွေးမှုတွေ အဆက်မပြတ်ပြုလုပ်ပြီးနောက်မှ ချမှတ်ခဲ့တာလို့လည်း အမည်မဖော်လိုတဲ့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက The New York Times သတင်းစာကို ပြောခဲ့ပါတယ်။
သူက “သမ္မတအနေနဲ့ ငြိမ်းချမ်းရေးကိုပဲ ရှင်းရှင်းလင်းလင်းအလေးထားတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအားလုံးလည်း ဒီလိုပဲဖြစ်ဖို့ လိုလားတယ်။ ကျွန်တော်တို့ရဲ့ အထောက်အပံ့ကို ခဏရပ်ဆိုင်းပြီး ဒီအထောက်အပံ့က အဖြေတစ်ခုရဖို့ တကယ်ပဲ အကူအညီဖြစ်သလား ပြန်ပြီးသုံးသပ်နေတယ်”လို့ ပြောခဲ့ပါတယ်။
ဒီရပ်ဆိုင်းမှုက အနာဂတ်ကာလအတွက် အထောက်အပံ့ပေးမှုတွေကိုသာမက လေယာဉ်၊ သင်္ဘောတို့နဲ့ တင်ပို့မယ့် စစ်လက်နက်ပစ္စည်းတွေအပါအဝင် ပိုလန်နိုင်ငံအတွင်း လွှဲပြောင်းပေးဖို့ စောင့်ဆိုင်းနေတဲ့ စစ်လက်နက်ပစ္စည်းတွေပါ အကျုံးဝင်မှာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲ စတင်သည်ကစလို့ အမေရိကန်က ယူကရိန်းသို့ ဒေါ်လာ ၁၁၉ ဒသမ ၈ ဘီလျံဖိုးထောက်ပံ့ခဲ့ရာမှာ ဒေါ်လာ ၆၇ ဒသမ ၁ ဘီလျံဖိုးက စစ်ရေးအထောက်အပံ့ဖြစ်ပြီး ဒေါ်လာ ၄၉ ဘီလျံက ငွေကြေး အထောက်အပံ့ဖြစ်ပါတယ်။ လူသားချင်းစာနာမှုအထောက်အပံ့ကတော့ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံဖိုးရှိပါတယ်။
သမ္မတနှစ်ဦးရဲ့ ဖေဖော်ဝါရီလ ၂၈ ရက်က နောက်ဆုံးတွေ့ဆုံပွဲက မကျေလည်မှုတွေနဲ့ အဆုံးသတ်ခဲ့ပြီးတဲ့နောက် ထရန့်က ဇယ်လန်စကီးအနေနဲ့ အမေရိကန်ပြည်ထောင်စုကို Oval Office ဆွေးနွေးပွဲမှာ မလေးမစားလုပ်ခဲ့တဲ့အပြင် ငြိမ်းချမ်းရေးအတွက် အသင့်မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ငြိမ်းချမ်းရေးအတွက် အသင့်ရှိနေပြီဆိုရင် အိမ်ဖြူတော်ကို ပြန်လာပါလို့ ထရန့်က ပြောခဲ့ပါသေးတယ်။
ယူကရိန်းအနေနဲ့ စစ်ရေးအထောက်အပံ့တွေ ပြန်ရဖို့ ဘယ်လိုဆောင်ရွက်မှုတွေ လုပ်ရမလဲဆိုတာ အိမ်ဖြူတော်က ပြောမထားပါဘူး။ အချိန်သတ်မှတ်ချက်နဲ့ ထောက်ပံ့မှု ဘယ်တော့ပြန်စမယ်ဆိုတာတွေကလည်း မသေမချာဖြစ်ပါတယ်။
Ref- Bloomberg