
၄.၃.၂၀၂၅.
Translated by Htwe Ko Tun
စပိန်နိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရာ Gran Canaria ကျွန်းပေါ်မှာ မတ်လ ၃ ရက်က ရေမျက်နှာပြင် ရုတ်တရက်မြင့်တက်လာခဲ့မှုကြောင့် ရေလွှမ်းမိုးနေတဲ့ လမ်းတွေပေါ်မှာ ကားတွေသောင်တင်နေကြတာကိုတွေ့ရပြီး ကားအများအပြားဟာလည်း ပင်လယ်ရေထဲကျရောက်တဲ့အထိ ရေတိုက်စားမှုမှာ မျောပါသွားခဲ့တာ တွေ့ကြရပါတယ်။


ကျွန်းပေါ်ရှိ Telde မြို့မှာဆိုရင် ဒေသခံပြည်သူတွေက အရေးပေါ်နွံကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ရောက်လာတဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ ရွှံ့နွံတွေဖုံးလွှမ်းနေတဲ့ လမ်းတွေကို ရှင်းလင်းနိုင်ကြဖို့ ဆောင်ရွက်နေကြတာတွေ့ရပါတယ်။
ဥရောပတိုက်ရဲ့ အားလပ်ရက်မှာ လည်ပတ်မှုအများဆုံးနေရာတစ်ခုဖြစ်တဲ့ Gran Canaria ကျွန်းဟာလည်း ရုတ်တရက်ရေလွှမ်းမိုးမှုတွေနဲ့အတူ ကြီးမားစွာပျက်စီးခဲ့ရပါတယ်။ ကြောက်မက်ဖွယ် မြင့်တက်လာတဲ့ ရေလှိုင်းလုံးတွေကြောင့် ကားတွေမျောပါသွားကာ လမ်းတွေပေါ်မှာလည်း အညစ်အကြေး၊ အမှိုက်သရိုက်တွေ ရွှံ့နွံတွေ အပုံလိုက် ကျန်ရစ်ခဲ့တာ တွေ့ကြရပါတယ်။

မတ်လ ၃ ရက်က Gran Canaria ကျွန်းပေါ်မှာ သဲကြီးမဲကြီးရွာသွန်းခဲ့တဲ့မိုးကြောင့် ခုလို ကျွန်းရဲ့လမ်းတွေပေါ်မှာပါ ရေလွှမ်းမိုးမှုတွေဖြစ်ပြီး ကားတွေကိုတိုက်စားသယ်ဆောင်သွားခဲ့တာပါပဲ။ အာဏာပိုင်တွေက ဒေသခံပြည်သူတွေကို အိမ်တွေအတွင်းမှာပဲနေကြဖို့ သတိပေးနှိုးဆော်ခဲ့ပါတယ်။
အာဏာပိုင်တွေကလည်း အဆိုပါ ဒေသတွေကို လိုအပ်မှုမရှိဘဲ ခရီးသွားလာတာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။ ရာသီဥတုသတိပေးချက်တွေက ဒီအပတ်အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာရှိပြီး မိုးကြိုးမုန်တိုင်းတွေလည်း ပစ်ခတ်နိုင်တယ်လို့ ဖော်ပြထားကြပါတယ်။
Ref- The Sun