
၄.၃.၂၀၂၅
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကင်းပတီးကျေးရွာအုပ်စု၊ ရွှေညောင်ပင်ရွာတွင် မတ်လ ၃ ရက် နံနက်ပိုင်းက စိုက်ခင်းလုပ်သားတစ်ဦး တောဆင်ရိုင်းနင်းမိကာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စိုက်ခင်းလုပ်သား သုံးဦးက စိုက်ခင်းမှအပြန် ဥက္ကံသစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၂၆)ရှိ ကျွန်းစိုက်ခင်းတွင် တောဆင်ရိုင်းတစ်ကောင်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှ မပြေးနိုင်သော စိုက်ခင်းလုပ်သားအမျိုးသားမှာ တောဆင်ရိုင်းနင်းခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



“သေဆုံးသူက ရွှေညောင်ပင်ရွာကပါ။ စိုက်ခင်းကအပြန် ဘိုးတော် (တောဆင်ရိုင်း)နဲ့ တည့်တည့်တိုးတာ။ အတူသွားတဲ့သူတွေကတော့ လွတ်အောင်ပြေးနိုင်ပေမယ့် ကိုနိုင်ဝင်းထွန်းကတော့ မလွတ်လိုက်ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
တောဆင်ရိုင်းနင်းခံရသူမှာ အသက် ၃၃ နှစ်အရွယ် ကိုနိုင်ဝင်းထွန်းဖြစ်ပြီး ခန္ဓာကိုယ်ပိပြားကာ ညာခြေကျင်းဝတ်ပေါက်ပြဲဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
တောဆင်ရိုင်းနင်းခံရ၍ သေဆုံးသူကို တိုက်ကြီးပြည်သူ့ဆေးရုံသို့ ပိုအပ်ထားပြီး ဥက္ကံနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဥ် ဖွင့်လှစ်ကာ စစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ရက်၊ ညပိုင်းကလည်း တိုက်ကြီးမြို့နယ် တာခွကျေးရွာအုပ်စု၊ ဗမာကံကုန်းကျေးရွာအနီးရှိ စိုက်ခင်းတွင် တောဆင်ရိုင်းဝင်ရောက်ကာ ခြံစိုက်သူမိသားစုကို နင်းခြေရာမှ အသက် ၆၅ နှစ်အရွယ် အဘွားအိုတစ်ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတို့ သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားနှင့် အသက် ၇ နှစ်အရွယ် ယောကျ်ားလေးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။