
ပြည်သူများအင်တာနက်သုံးသော စတားလင့်ခ်စက်များကို ပိတ်ပစ်မည်ဟုပါ ကန့်သတ်
၄.၃. ၂၀၂၅
Written by Nay Moe
NUG လက်အောက်ခံ မြိုင်ပသုံးလုံး လက်နက်ကိုင်များက ရေနံတွင်းတူးကာ၊ အခွန်ကောက်ခြင်း၊ ပြည့်တန်ဆာခန်းနှင့် KTV ဖွင့်ငွေရှာနေကြောင်း အညာဒူဘိုင်းဆောင်းပါးဖြင့် ဖော်ထုတ်ခံရအပြီး လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်ခံနေရသဖြင့် လေကြောင်းသတင်းပေးမှုအား စိစစ်ကြပ်မတ်ထိန်းသိမ်းရန်နှင့် အိမ်ထောင်စုတိုင်း ဗုံးခိုကျင်းတူးရန် ယနေ့တွင် မြိုင်ပကဖက “အညာဒူဘိုင်းကိစ္စအပြီး ဆက်တိုက်လေကြောင်း တိုက်ခိုက်ခံနေရမှု ကိုညွှန်း” ခေါင်းစဥ်ဖြင့် အမိန့်ပေးလာခဲ့သည်။


အဆိုပါ ညွှန်ကြားချက်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ဧရာဝတီသတင်းဌာန တင်ဆက်ခဲ့သည့် အညာဒူဘိုင်းဆောင်းပါးတွင် မြိုင် ပသုံးလုံးများက ရေနံတွင်းတူးကာ၊ အခွန်ကောက်ခြင်း၊ ပြည့်တန်ဆာခန်းနှင့် KTV ဖွင့်ငွေရှာနေကြောင်း၊ KIA နှင့် NUG ခေါင်းဆောင်များလာပါက ပြည့်တန်ဆာများနှင့် ဧည့်ခံရကြောင်းနှင့် အဆိုပါလုပ်ငန်းများမှ တစ်ရက် သိန်း ၁၅၀၀၀ ပတ်လည် ဝင်ငွေရနေကြောင်း သုံးသပ်ဖော်ထုတ်မှုများရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်တွင် PDF များ သိမ်းယူစခန်းချနေသော ဆုံကုန်းရွာဦးဘုန်းကြီးတွင် မင်္ဂလာဆောင်သည့် ရေနံတွင်းအခွန်ကောက်ခံသူ PDF ခေါင်းဆောင်ကမ္ဘာကျော်၏ မင်္ဂလာဆောင်ကို ဗုံးကြဲခြင်းနှင့် မတ်လ ၃ ရက်တွင် လက်ပံတိုရေနံမြေအပါအဝင် ရွာ ၉ ရွာကို ဗုံးကြဲခြင်းများကြောင့် လူဆယ်ချီသေဆုံးခဲ့ရသဖြင့် ထိုသို့ ညွှန်ကြားလာခြင်းဖြစ်သည်။
မြိုင်ပကဖ၏ ယနေ့ ထုတ်ပြန်စာတွင် မိမိတို့မြို့နယ်အတွင်းရှိ မိမိတို့တာဝန်ယူဆောင်ရွက်နေရသော ဇုန်၊ တိုက်နယ်၊ ရပ်ကျေးများအတွင်း လူစိမ်းများ၊ အခြားမြို့နယ်များမှ လူများနေထိုင်ခြင်း၊ တည်းခိုခြင်းကိစ္စများကို မှတ်ပုံတင်နှင့်တကွ တစ်ဆင့်ထောက်ခံမှုရယူပြီး စိတ်ချမှုရှိသော လူများကိုသာ လက်ခံရန်နှင့် စနစ်တကျ စိစစ်ကြပ်မတ်သွားရန်၊ မိမိတို့ဇုန်အတွင်းရှိ ဖွင့်လှစ်ထားသော စတားလင့်ခ်ဆိုင်များကို သေချာစိစစ်၍ PDF များ ဆက်သွယ်ရေးအတွက်သုံးသော စတားလင့်ခ်များမှလွဲ၍ ဖွင့်လှစ်ထားသော ဆိုင်များအားလုံး ယာယီပိတ်ပင်ရန်နှင့် ပြန်လည်ဖွင့်လှစ်ရမည့်အချိန်အား အကြောင်း ကြားမည်ဖြစ်ပြီး အဖွဲ့အစည်းများအသုံးပြုမှုတွင်လည်း မိမိတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရဲဘော်များကိုသာ စိစစ်အသုံးပြု၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လေကြောင်းတိုက်ခိုက်မှု မခံရစေရေး အလေးထားဆောင်ရွက်ကြရမည်ဟု မြိုင်ပကဖတာဝန်ခံ CDM ရဲတပ်ကြပ်ပြေး ဗိုလ်လကျ်ာက အမိန့်ပေးသည်။
ထို့ပြင် မိမိဇုန်၊ တိုက်နယ်၊ ကျေးရွာအတွင်းရှိ အိမ်ထောင်စုတစ်ခုချင်းစီတိုင်းအား စာအမှတ်ပါရက်စွဲ ၃.၃.၂၀၂၅ ရက်နေ့မှ ၃.၄.၂၀၂၅ ရက်နေ့အတွင်း ဗုံးခိုကျင်းများ စနစ်တကျတူးစေ၍ ဆောင်ရွက်မှုရှိ/မရှိကို ရပ်ကျေး တာဝန်ခံများအား ကိုယ်တိုင်လိုက်လံစစ်ဆေးစေရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသော အိမ်ထောင်စုအား ဒဏ်ငွေချမှတ်၍ အရေးယူရန်ညွှန်ကြားလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် မိမိတို့တာဝန်ယူဆောင်ရွက်နေရသော ဇုန်၊ တိုက်နယ်၊ ရပ်ကျေးများအတွင်းရှိ အလှူများ၊ မင်္ဂလာဆောင်များ၊ သာရေး/နာရေးပွဲများနှင့် ပတ်သက်၍ သက်ဆိုင်သော ရပ်ကျေး၊ တိုက်နယ်၊ ဇုန် တာဝန်ခံများထံသို့ အဆင့်ဆင့် ကြိုတင်အကြောင်းကြားမှုပြုလုပ်ပြီး ခွင့်ပြုချက်ရမှသာ လုပ်ဆောင်ကြရန် ညွှန်ကြားကြောင်းနှင့် ဇုန်တာဝန်ခံများအနေဖြင့် ၎င်းကိစ္စများကို ဇုန်အတွင်း တိုက်နယ်များ၊ စနစ်တကျညွှန်ကြား၍ ချက်ချင်း ဆောင်ရွက်ရန်၊ အကယ်၍ ရပ်ကျေးများကို မိမိဇုန်အတွင်း လေကြောင်းတိုက်ခိုက်မှုခံရလျှင် မှတ်တမ်းဓာတ်ပုံများနှင့်တကွ အချိန်မီ (အမြန်) သတင်းပေးပို့ရန်လည်း ဗိုလ်လကျ်ာက ညွှန်ကြားထားသည်။