
၄. ၃. ၂၀၂၅
Written by Nyein Kyaw
နည်းပညာဆန်းသစ်တီထွင်မှုနှင့် စာပေအနုပညာဖန်တီးမှုများကို မြှင့်တင်နိုင်စေရန် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ တီထွင်ဖန်တီးသူပညာရှင်များအတွက် မူပိုင်ခွင့်အကာအကွယ်ပေးသည့် စနစ်တစ်ရပ်ကိုလည်း အခြားသော ဒေသတွင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများနည်းတူ စတင်ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ယမန်နေ့က ပြုလုပ်သည့် မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၅)တွင် ပြောကြားသည်။
လက်ရှိကျင့်သုံးနေသည့် မူပိုင်ခွင့်စနစ်သည် နိုင်ငံတကာတွင် သတ်မှတ်ကျင့်သုံးနေသည့်စံများနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ မိမိနိုင်ငံ၏ လက်ရှိဖြစ်တည်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစသည့် အခြေအနေများနှင့်လည်း လိုက်လျော ညီထွေမှုရှိရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။
နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် ခေတ်မီကောင်းမွန်သည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်ဥပဒေ ၄ ရပ်အနက် ၂၀၂၃ ခုနှစ်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ ၂၀၂၄ ခုနှစ်တွင် တီထွင်မှု မူပိုင်ခွင့်ဥပဒေများ အာဏာသက်ဝင်နိုင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်တွင် မူပိုင်ခွင့်အကာအကွယ်ပေးသည့်စနစ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသည့် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေပြီး နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မူပိုင်ခွင့်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် မိမိတို့ကျရာကဏ္ဍများမှ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။