
၃.၃. ၂၀၂၅
Written by Phyo Wei
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခဲ့တဲ့ ၃၇ လအတွင်း တရားမဝင်ကုန်ပစ္စည်း ကျပ် ၄၅၈ ဘီလျံကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ SAC ဒုဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာပဲ တရုတ်နိုင်ငံနဲ့ အကောင်အထည်ဖော်ပြီး မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ဆောလျင်စွာ စတင်နိုင်ရေးနဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေးဆွဲထားတဲ့ Development Plan ကို ခေတ်စနစ်နဲ့အညီ ကောင်းမွန်စေအောင် ရေးဆွဲသင့်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော် ပြောကြားလိုက်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ဖေဖော်ဝါရီလအတွက် ရည်ညွှန်းဆန်ဈေးနှုန်းတွေ ထုတ်ပြန်ရာမှာ ဆန်ကြမ်းနဲ့ ပြည်တွင်းစားဆန်တချို့ ဈေးနှုန်းထပ်မံကျဆင်းလာတာ၊ DEMU တွဲဆိုင်းအသစ်တွေနဲ့ ရန်ကုန် – နေပြည်တော် အမြန်ရထားခရီးစဉ်အသစ်၊ ခေတ်မီလေအိတ် လူစီးတွဲတွေနဲ့ နေပြည်တော် – မန္တလေးခရီးစဉ်အသစ်တွေ စတင် ပြေးဆွဲလာတာ၊ မြန်မာသီလဝါ အများပိုင်ကုမ္ပဏီ MTSH က မြန်မာပြည်မှာ ဆိုလာစတင်ရောင်းချလာတာ၊ ရိုးမရိပ်သာအိမ်ရာက အခန်းပေါင်း ၈၇၀ ကျော်ကို ဝယ်ယူဖို့ လျှောက်လွှာတင်ပြထားသူ ၂၈,၀၀၀ ကျော်ရှိလာပြီဆိုတာ၊ ကိုဗစ်-၁၉ ချေးငွေတွေ ပြန်ဆပ်ဖို့ သတိပေးထားပေမဲ့ အတိုးအရင်း လုံးဝပြန်မဆပ်တဲ့ ကုမ္ပဏီ/လုပ်ငန်း ၄၈၀ ကျော်ရှိနေလို့ ဒီကုမ္ပဏီတွေကို အမည်၊ နေရပ်လိပ်စာအပြည့်အစုံနဲ့ သတင်းစာမှာ ကြေညာမယ်ဆိုတာတွေနဲ့ အသက် ၈၅ နှစ်နဲ့အထက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစ အသက် ၂ နှစ်အောက် ကလေးတွေကို ဒီဘဏ္ဍာနှစ်ကစ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်ဆိုတဲ့ ဖြစ်စဉ်တွေအပြင် ရွှေထွက်ရာ လန်ဆယ်ဒေသကို KIA သိမ်းယူအပြီးမှာ ရွှေလုပ်ကွက်တွေပိတ်သိမ်းလိုက်ပေမဲ့ “ဝ”ကုမ္ပဏီနှစ်ခုကို တူးဖော်ခွင့်ချပေးတာကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ ဒေသခံတွေက ပြည်သူကို ပြန်ကြည့်ဖို့ ထုတ်ပြန်လာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ သယံဇာတတွေကို ခိုးထုတ်နေရာဒေသတွေ ချေမှုန်းတော့မယ်လို့ ကြေညာအပြီးမှာ အညာက ပြည့်တန်ဆာတွေနဲ့ လည်ပတ်နေတဲ့ မြိုင်ရေနံမြေဟာ ပထမဆုံးပစ်မှတ်ဖြစ်လာတာ၊ မြန်မာ့ပြည်တွင်းပဋိပက္ခကြောင့် ရပ်ဆိုင်းနေရတဲ့ အိန္ဒိယ – ထိုင်း – မြန်မာ သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းနဲ့ စတင်အသုံးပြုလာပြီဖြစ်တဲ့ မြန်မာကြူအာအကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
သယံဇာတ ခိုးထုတ်မှုအတွက် စတင်ချေမှုန်းခံရတဲ့ အညာရေနံမြေ
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ MNDAA၊ AA နဲ့ TNLA တို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာပြီးနောက်မှာ ဒီလက်နက်ကိုင်တွေကို ချေမှုန်းတော့မှာဖြစ်လို့ သူတို့အနားမနေဖို့၊ ဒီလက်နက်ကိုင်တွေရဲ့ လူသားတံတိုင်းအဖြစ် အသုံးချမခံဖို့၊ ဘေးကင်းလွတ်ရာမှာ နေထိုင်ကြဖို့ နိုင်ငံပိုင်သတင်းစာတွေကနေ စဉ်ဆက်မပြတ်သတိပေးပြီးတဲ့နောက်မှာ ဒီလက်နက်ကိုင်တွေ နယ်မြေလုယက်သိမ်းယူထားရာမြို့တွေ၊ စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုပြုခဲ့တာပါ။ အခုလည်း အဲဒီလိုမျိုးပဲ နိုင်ငံပိုင်သယံဇာတတွေကို မတော်လောဘနဲ့ ဥပဒေမဲ့ခိုးထုတ်ပြီး အကြမ်းဖက်နဲ့ လက်နက်ကိုင် သောင်းကျန်းမှုတွေကို ထောက်ပံ့နေမှုကို တိုက်ဖျက်သွားမယ်လို့ သတိပေးချက်ကို SAC က ဖေဖော်ဝါရီ ၂၀ ရက်မှာ သတိပေး ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၂၂ ရက်မှာ ဧရာဝတီသတင်းဌာနက မြိုင် PDF တွေဟာ ပေါက်နဲ့မြိုင်အစပ်က ရေနံမြေတွေကို ထိန်းချုပ်ထားပြီး ပြည့်တန်ဆာခန်းတွေ၊ KTV တွေ ဖွင့်လှစ်လုပ်ကိုင်နေတာကြောင့် PDF တွေက ငွေကြေးအကျိုးအမြတ်များစွာ ရနေသလို ဒီပြည့်တန်ဆာတွေကို ခေါင်းပုံဖြတ်တာ၊ NUG နဲ့ KIA ခေါင်းဆောင်တွေကို ပြည့်တန်ဆာနဲ့ ဧည့်ခံတာတွေကို အညာဒူဘိုင်း ဆောင်းပါးနဲ့ ဖော်ထုတ်အပြီး PDF တွေ တပ်စွဲထားတဲ့ ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တဲ့ PDF ခေါင်းဆောင် ကမ္ဘာကျော်ရဲ့ မင်္ဂလာဆောင်ကို မြေပုံညွှန်း၊ အချိန်အတိအကျနဲ့ ပြည်သူ့သတင်းပေးမှုအရ လေကြောင်းတိုက်ခိုက်ခဲ့လို့ PDF တွေနဲ့ အားပေးထောက်ခံသူ ဆယ်ဦးကျော် သေဆုံးခဲ့ရသလို ဒီနေ့မနက်မှာ မြိုင်နဲ့ပေါက် PDF တွေ ထိန်းချုပ်ရာ လက်ပံတိုရေနံမှော်နေရာတွေ ဆက်လက်ရှင်းလင်းခံရပြီး လူဆယ်ချီ သေဆုံးဒဏ်ရာရခဲ့ရာမှာ လက်ပံတိုရေနံမှော်က အများဆုံးသေကြေပျက်စီးခဲ့တာ တွေ့ရပါတယ်။
မြိုင်ပကဖဟာ ပြည့်တန်ဆာခန်းနဲ့ KTV တွေကတစ်ဆင့် တစ်လ သိန်း ၄၀၀၀ ခန့် ဝင်ငွေ ရနေသလို အစိုးရဆီက သိမ်းယူထားတဲ့ ရေနံတွင်းတွေနဲ့ ကိုယ်ပိုင်တွင်းတွေကလည်း တစ်ပီပါ ၅ သိန်းကျော် ပေါက်စျေးရှိတဲ့ ရေနံပီပါ ၂၀၀၀ ခန့် နေ့စဥ် ရနေလို့ တစ်ရက် သိန်း ၁၀၀၀၀ ကျော် ဝင်ငွေရှိပါတယ်။ ဒါ့အပြင် ၂၀၀၀ နီးပါးရှိတဲ့ ရေနံချက်ဖိုတွေ၊ ဒေသခံရေနံတူးလုပ်ငန်းရှင်တွေ၊ ရေနံသယ်ယူပြီး ဖြန့်ချိသူတွေဆီက အခွန်ကလည်း တစ်လ သိန်း ၁၅၀၀၀ လောက်ရနေလို့ မြိုင်ပကဖ တစ်ရက်ပျမ်းမျှဝင်ငွေဟာ သိန်း ၁၅၀၀၀ ပတ်လည်မှာရှိနေတယ်လို့လည်း မြိုင်ပကဖရဲ့ ငွေသုံးပြီးကိုယ်ကျိုးရှာမှုမနှစ်မြို့တဲ့ ဒေသတွင်း PDF လက်နက်ကိုင်နဲ့ဆက်နွှယ်သူတွေက တွက်ဆပြကြပါတယ်။ ရဲတပ်ကြပ်ကနေ CDM လုပ်သွားတဲ့ မြိုင်ပကဖခေါင်းဆောင် ဗိုလ်လကျ်ာဟာ သူ့အရင်က အချိတ်အဆက်တွေနဲ့ ရေနံချက်ဖိုတွေ၊ ပြည့်တန်ဆာတွေ၊ KTV တွေကို ဆက်လက်ထိန်းချုပ်လည်ပတ်ရာမှာ နေ့စဉ်သိန်းသောင်းချီဝင်ငွေနဲ့ မော်ကြွားနေတာကြောင့် လက်နက်ကိုင်အချင်းချင်းသတင်းပေးခံရတာမှာ ကြားထဲက ရေနံတူးပြည်သူတွေ အထိနာခဲ့ရတာလည်း မျက်မြင်ပါ။ ရှေ့လျှောက်မှာလည်း ကချင်လက်နက်ကိုင် KIA က မြေရှားသတ္တုနဲ့ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ၊ TNLA က ကျောက်မျက်ထွက်ရာ မိုးကုတ်မြေ၊ PDF တွေက သစ်၊ ရွှေနဲ့ ရေနံထွက်ရာ ဒေသအချို့ သိမ်းယူထားသလို အခြားလက်နက်ကိုင်တွေကလည်း ဘိန်းစိုက်၊ မူးယစ်ဆေးထုတ်နေကြတာဖြစ်လို့ လေကြောင်းတိုက်ခိုက်ခံရနိုင်ခြေများတဲ့ ဒီလိုမျိုး လက်နက်ကိုင်တွေ ကိုယ်ကျိုးစီးပွားရှာ သယံဇာတခိုးထုတ်ရာနေရာတွေမှာ သာမန်ပြည်သူတွေအဖို့ ဆက်မနေတော့တာ အကောင်းဆုံးပါပဲ…။
မြန်မာ့ပြည်တွင်းပဋိပက္ခကြောင့် ရပ်ဆိုင်းနေရတဲ့ အိန္ဒိယ – ထိုင်း – မြန်မာ သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်း
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်း ပဋိပက္ခတွေကြောင့် ကီလိုမီတာ ၁,၄၀၀ အရှည်ရှိတဲ့ အိန္ဒိယ- မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်းဟာ မပြီးစီးနိုင်ဘဲ ရပ်တန့်နေရတယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်းရှန်ကာက ဂူဝါဟတီမြိုမှာ ၂ ရက်ကြာ ကျင်းပနေတဲ့ ၂၀၂၅ ခုနှစ် ရင်းနှီးမြှုပ်နှံမှုနဲ့ အခြေခံအဆောက်အဦဆိုင်ရာ အာသံထိပ်သီးအစည်းအဝေးမှာ ဖွင့်ဟပြောကြားလိုက်ပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးဟာ အိန္ဒိယအရှေ့ဘက်ခြမ်းနဲ့ အရှေ့တောင်အာရှဒေသအကြား ချိတ်ဆက်မှုနဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် Game Changer တစ်ခုအဖြစ် ပြောင်းလဲသွားမှာဖြစ်ပေမဲ့ ရပ်တန့်နေရတဲ့အတွက် အခုလို ပြောကြားလာခဲ့တာပါ။ အိန္ဒိယနိုင်ငံ၊ မိုးရေးမြိုနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ချိတ်ဆက်ဖို့ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမယ့် ဒေသတွင်း အရေးပါတဲ့ အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းမှာတော့ ပြီးစီးနေပြီဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ ပဋိပက္ခတွေကြောင့် ရှေ့မဆက်နိုင်ဖြစ်နေရတာဖြစ်ပါတယ်။
အာရှမှာ ဖွံ့ဖြိုးတိုးတက်နိုင်မှုအကောင်းဆုံးအခွင့်အလမ်းတွေပိုင်ဆိုင်ထားပြီး မဟာဗျူဟာကျတဲ့အပြင် နိုင်ငံတကာကိုချိတ်ဆက်နိုင်တဲ့ ကုန်းလမ်း၊ရေလမ်းတွေ ပိုင်ဆိုင်ထားသလို ဒီလိုချိတ်ဆက်မှုတွေကတစ်ဆင့် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ကျော်အထိ ကူးလူးစီးပွားရှာဖွေနိုင်တဲ့ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီအမည်တပ်ပြီး ခွဲထွက်ချင်ကြတဲ့ လူမျိုးစုတွေရဲ့ ရန်ရှာမှုနဲ့ မပြီးဆုံးနိုင်သေးတဲ့ ပြည်တွင်းစစ်ကို ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးဆင်နွှဲနေရတဲ့နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်နေပြီးသားပါ။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူမျိုးစုအမည်တပ်ပြီး ကိုယ်ကျိုးရှာချင်နေတဲ့ ဒီလို လက်နက်ကိုင်တွေကြောင့်ပဲ တိုင်းပြည်ဟာ သယံဇာတအရင်းအမြစ်နဲ့ လူသားအရင်းအမြစ်ဟာ ပျက်သုဉ်းခြင်းပဲ ဦးတည်လာတာကြောင့် ကုန်သွယ်ထောက်ပို့နိုင်ငံအဖြစ် တိုးတက်ဖို့ လမ်းစတစ်ခုပဲရှိတော့ချိန်မှာလည်း ဒီလမ်းစကို လက်နက်ကိုင်တွေကပဲ ပိတ်ဆို့ထားပြန်လို့ တိုင်းပြည်ကလည်း ဖွတ်ကျောပြာစုပြီး မွဲသထက်မွဲနေတာပါပဲ။ နိုင်ငံမှာကြည့်လိုက်မယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီကို လိုချင်ပါတယ်ဆိုတဲ့ လက်နက် ကိုင်နဲ့ ပြည်သူတွေချည်းရှိနေပြီး ဦးတည်ချက်တူပါလျက်နဲ့ ပန်းတိုင်ဆီမရောက်ရဘဲ နိုင်ငံပိုပိုစုတ်ပြတ်လာတာက လက်နက်ကိုင်တွေရဲ့ ကိုယ်ကျိုးရှာလိုမှုနဲ့ ခွဲထွက်လိုမှုတွေကြောင့်ပါ။ ဒီလိုမျိုး ကိုယ်ကျိုးရှာလက်နက်ကိုင်တွေ ဆက်ကြီးစိုးနေသရွေ့တော့ မြန်မာနိုင်ငံတိုးတက်ဖို့ဟာ အိပ်မက်လိုပဲ ဆက်ဖြစ်နေမှာပါ။
မြန်မာကြူအာ
ဒစ်ဂျစ်တယ်ငွေကြေးတွေ Pay တွေ သုံးစွဲရာမှာ အရင်က ဘဏ်တွေတစ်ခုချင်းစီရဲ့ ဝန်ဆောင်မှုအတွင်းမှာသာ အသုံးပြုကြရတဲ့အတွက် ငွေပေးချေနိုင်တာက အကန့်အသတ်ရှိနေပေမဲ့ အခုအချိန်မှာတော့ သီးခြားစီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက် ပေးချေနိုင်မယ့် National QR Standard ဖြစ်တဲ့ မြန်မာကြူအာ( MMQR) ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ စတင်အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။
MMQR က မြန်မာနိုင်ငံရဲ့ National Standard အဖြစ် သတ်မှတ်ထားတဲ့ QR Codeနဲ့ ငွေပေးချေမှုကို ထောက်ပံ့နိုင်တဲ့ Digital Payment Switch စနစ်တစ်ခုဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ Mobile Wallet တစ်ခုရှိရုံနဲ့ ဘယ်နေရာကိုမဆို ပေးချေနိုင်မှာဖြစ်လို့ ဒစ်ဂျစ်တယ်ငွေပေးချေခြင်း သုံးစွဲမှုများပြားလာမှာဖြစ်သလို လက်လီဆိုင်သေးတွေ၊ ကုန်စိမ်းဈေးတွေအထိ ပေးချေနိုင်ရေး ဆောင်ရွက်ထားတဲ့အတွက် မြို့ပြကနေ ဘဏ်လုပ်ငန်းဝန်ဆောင်မှုမရရှိတဲ့ ကျေးလက်ဒေသအထိ နေရာ၊ ဒေသ၊ အလွှာစုံ၊ နယ်ပယ်အစုံ၊ ဧရိယာအစုံ MMQR ကို အသုံးပြုပြီး ယုံကြည်စိတ်ချစွာ ငွေပေးချေနိုင်မှာပါ။
ပထမဦးဆုံးအနေနဲ့ MMQR အသုံးပြုပြီး ဈေးဝယ်သူက ကုန်သည်(Customers to Merchant) ကို ငွေပေးချေတာ၊ နောက်ပိုင်းမှာ အသုံးပြုသူအချင်းချင်း (Person to Person) ငွေလွှဲပြောင်းတာ၊ Transfer ပြုလုပ်တာ၊ ရေခွန်၊ မီတာဘီလ်လို အခွန်ပေးဆောင်မှုတွေနဲ့ အခြားသောအစိုးရဝန်ဆောင်မှုတွေအတွက် ပေးချေခြင်းတွေအထိ MMQR ရဲ့ ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တဲ့အပြင် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ အာဆီယံဒေသတွင်း နိုင်ငံတွေအချင်းချင်းချိတ်ဆက်ပြီး QR အသုံးပြုပေးချေနိုင်ရေး ဆက်လက်ဆောင်ရွက်မယ့် အမျိုးသား စံစနစ်ဖြစ်ပါတယ်။
ဒီစံစနစ်ကြောင့် အလွယ်တကူပျောက်ဆုံးနိုင်၊ ခိုးယူခံရနိုင်၊ ပျက်စီးသွားနိုင်၊ ရောဂါကူးစက်နိုင်တဲ့ ငွေသားကိုင်တွယ်သုံးစွဲမှု လျော့ကျ၊ ငွေကြေးလိမ်လည်မှု၊ မှုခင်းတွေဖြစ်ပေါ်လာရင် ငွေသားနဲ့ငွေပေးချေမှုထက် ခြေရာခံဖို့ လွယ်ကူပြီး Digital Footprint ကျန်နိုင်တဲ့ အားသာချက်တွေ၊ လူလူချင်းငွေသားကိုင်ပြီး ထိတွေ့ရမှုလျော့ကျသွားလို့ အဂတိလိုက်စားမှုလျော့ကျသွားမယ့်အပြင် အကုန်အကျခံငွေစက္ကူရိုက်ထုတ်ရတဲ့ ကုန်ကျစရိတ်တွေ၊ ငွေစက္ကူရိုက်ထုတ်ပြီဆိုပြီး ငွေကြေးဖောင်းပွမှုဖြစ်အောင် စျေးကစားမှုတွေကို လျော့ကျစေမှာပါ။ ဒီလိုမျိုး စံစနစ်ဟာ ပြီးခဲ့တဲ့ အစိုးရတွေလက်ထက်ကတည်းက အောင်မြင်သင့်တာဖြစ်ပေမဲ့ မအောင်မြင်ခဲ့သလို အရင်အစိုးရတွေက လုပ်သင့်ပါလျက် မလုပ်ခဲ့တဲ့ ဘတ်/ကျပ်၊ ယွမ်/ကျပ်၊ ရူပီး/ကျပ်လိုမျိုးပဲ နှောင့်နှေးခဲ့ရတဲ့ နိုင်ငံတော်အဆင့် လုပ်ငန်းစဉ်ပါ။ ဒီလုပ်ငန်းစဉ်တွေကို အောင်မြင်အောင် အကောင်အထည်ဖော်ပေးခဲ့တဲ့ နစက အစိုးရလက်ထက်ဟာ နိုင်ငံရေးပဋိပက္ခကို နိုင်ငံပျက်သုဉ်းဖို့ဦးတည်ပြီး လက်နက်နဲ့ ဖြေရှင်းနေတဲ့ကာလမို့ သိသာတဲ့ရလဒ်မြင်နိုင်ကြမှာမဟုတ်ပေမဲ့ နိုင်ငံတည်ငြိမ်ချိန်ရောက်ရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားနိုင်ငံအမြန်တိုးတက်ဖို့ အဆင်သင့်ဖြစ်သွားမှာမို့ ဒီလိုမျိုး မဖြစ်မနေလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ၊ နိုင်ငံအတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးအောင် လှုံ့ဆော်တာ၊ ဖျက်ဆီးတာတွေ ဆက်မလုပ်တာကဘဲ နှစ်ပေါင်းရာထောင်ချီ ရှေ့ဆက်သွားရမယ့် မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်ပါမယ်ဆိုတာ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။