
MT News
၃. ၃. ၂၀၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr, Maxim Reshetnikov၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizovi မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
လေဆိပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် လာရောက်သည့် နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့သည်။ ထို့နောက် အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ထိုသို့ဆောင်ရွက်စဉ် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများအား တီးမှုတ်ဂုဏ်ပြု အလေးပြု ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လစ်အုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) တို့ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ သွားရောက်၍ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။





ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ဝင်များသည် မော်စကိုမြို့၊ မြန်မာထေရဝါဒဗုဒ္ဓစင်တာသို့ ရောက်ရှိကြပြီး သဒ္ဓမဇောတိကသိမ်တော်အတွင်း၌ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအစ္ဆရိယအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေးအခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက် လိုအပ်ချက်များ ၊ရုရှားနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့်ပတ်သက်၍ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များသည် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တရားတော်များ နာယူကြည်ညိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
Photo – One News Myanmar