



၃.၃.၂၀၂၅
Written By Thandar
အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းပုံစံ “မာန်” ရုပ်ရှင်ဇာတ်ကားကြီး Family Show အခမ်းအနားကို ယနေ့ မတ်လ ၃ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာမောင်သီ၊ ညိုမင်းလွင်၊ မင်းဦး၊ ကျော်ထက်ဇော်၊ သူရိယ၊ မင်းပိုင်၊ ကိုကိုဦး၊ မေသန်းနု၊ လှမျိုးသဉ္ဇာနွယ်၊ မေမြင့်မိုရ်၊ သွန်းသစ္စာဇော် စတဲ့ သူတွေ တက်ရောက်ခဲ့ကြပါတယ်။
“ဒီဇာတ်ကားက ကျွန်တော့်ရဲ့ ရုပ်ရှင်ကားကြီးပွဲဦးထွက်ပါ။ အခုအိမ်ထောင်ဇာတ်လမ်းမှာလည်း မိသားစုတွေ စုဝေးပြီး ကြည့်ရှု့လိုရနိုင်မယ့် သရုပ်ပျက်တာတွေ မပါအောင် ရိုက်ကူးသွားမှာပါ။ ဒီကားမှာ ကိုကိုဦးသား သီဟအောင်ရယ်၊ ခင်ဇာခြည်ကျော့် သမီး ထင်သစ္စာတို့ ပွဲဦးထွက်အနေနဲ့ ပါဝင်ထည့်သွင်းရိုက်ကူးထားပါတယ်” လို့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ သန်းထိုက် (ရွှေရိပ်)က MT Entertainment ကို ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း ညီရဲမင်း ၊ ဇာတ်ညွှန်းနဲ့ဒါရိုက်တာ သန်းထိုက် (ရွှေရိပ်)ရဲ့ အိမ်ထောင်ရေး အချစ်ဇာတ်လမ်းကို ၂၀၂၄ ခုနှစ် မတ်လပိုင်းက စတင်ရိုက်ကူး ပုံဖော်ခဲ့တာလည်း ဖြစ်ပါတယ်။
သရုပ်ဆောင်အနေနဲ့ ကျော်ထက်ဇော် ၊ အကယ်ဒမီမေမြင့်မိုရ် ၊ သီဟအောင် ၊ မင်းပိုင် ၊ ထင်သစ္စာ ၊ သူရိယ၊ အကယ်ဒမီ မြတ်ကေသီအောင် ၊ လင်းဇာနည်ဇော် ၊ မျိုးမျိုးခိုင် ၊ အေးခက်ခက်ပိုင် ၊ ပပသင်း ၊ မျိုးမျိုးနဲ့ အနုပညာရှင်များစွာအပြင် ဧည့်သည်သရုပ်ဆောင် သူရိယတို့ ပါဝင်ထားကြပါတယ်။