



MT News
၃.၃.၂၀၂၅
ရခိုင်ပြည်နယ်ကို သယ်ယူမည့် ကျပ် ၁ ဘီလျံခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးများနှင့်အတူ တရားခံ ၈ ဦးကို ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်း နှင့် ကျော်ဆန်းမင်း တို့နှင့်အတူ ယာဉ်အမှတ်၊ BGO-11/2R-2073 SOJEN အဖြူရောင်ယာဉ်ပေါ်မှ စက္ကူပုံး ၆ ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒသမ ၂ သိန်းပြား၊ ကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၃ ဘီလျံခန့်အား လည်းကောင်း၊ ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင် တို့နှင့်အတူ ယာဉ်အမှတ်၊ YGN-41/HH-2534 Probox အဖြူရောင်ယာဉ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကြံရာပါတရားခံများကို ဆက်လက်ရှာဖွေဖမ်းဆီးရာ ပြည်မြို့ရှိ ကုန်းမြင့်သာတည်းခိုခန်း၌ ကျော်ဝင်းနှင့် သောင်းထွန်းတို့အား ယာဉ်အမှတ်၊ BGO-11/2P-6694 Daihatsu Hijet အစိမ်းရောင်ယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်ဝင်း၏ထွက်ဆိုချက်အရ ကျော်လင်း(ဖမ်းဆီးရန်ကျန်) နှင့် စိုင်းကျော်လှ(ဖမ်းဆီးရန်ကျန်) တို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးသော မူးယစ်ဆေးဝါးများအား ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးရန် ငွေကျပ်သိန်း ၈၅၀ ဖြင့် ညှိနှိုင်းသဖြင့် သဘောတူခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော မူးယစ်ဆေးဝါးများအား မအီမြို့နယ်၊ တလိုင်းတောင် ကျေးရွာသို့ ဆက်လက်ပို့ဆောင်ရန် ခင်မောင်မြင့်ရွှေ အား ငွေကျပ်သိန်း ၃၅၀ ဖြင့် ညှိနှိုင်းခဲ့ရာ သဘောတူခဲ့ကြောင်း သိရှိရသည်။ ဖမ်းဆီးရမိတရားခံ ခင်မောင်မြင့်ရွှေ ၏ထွက်ဆိုချက်အရ ကျော်ဝင်း၏စေခိုင်းချက်ဖြင့် မူးယစ်ဆေးဝါးများ ပို့ဆောင်ရာတွင် ဇနီးဖြစ်သူ ကြည်ကြည်ခိုင် နှင့်အတူစီးနင်းရန် ကျော်ဇင်လတ်၏ Probox အဖြူရောင်ယာဉ်အား ငှားရမ်းခဲ့ကြောင်း၊ ၎င်းနောက် မူးယစ်ဆေးဝါးများသယ်ဆောင်ရန် ကျော်ဆန်းမင်း ပိုင်ဆိုင်သည့် SOJEN ယာဉ်အားငှားရမ်း၍ အဆိုပါ ယာဉ်ဖြင့် ကျော်ဆန်းမင်း၊ ယာဉ်မောင်း သန်းအောင်ဆွေ နှင့် ယာဉ်နောက်လိုက် ကျော်ဝင်းထွန်း တို့အား လိုက်ပါရန် ချိတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားခံပြေး ကျော်လင်း နှင့် စိုင်းကျော်လှ တို့အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ် ဆေးဝါးသယ်ဆောင်သည့် သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြား နိုင်ကြောင်း၊ သတင်းပေးသူနှင့် ပူးပေါင်းပါဝင်ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားသည်။