



MT News
၃. ၃. ၂၀၂၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသွားပြီး ညနေပိုင်းတွင် ရုရှားနိုင်ငံသို့ ရောက်ရှိခဲ့သည်။
ရုရှားသမ္မတပူတင်၏ တရားဝင် ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ခရီးစဥ်အဖြစ် ရုရှားနိုင်ငံသို့ ရောက်ရှိလာသည့် SAC ဥက္ကဋ္ဌကို ရုရှားနိုင်ငံက ဂုဏ်ပြုတပ်ဖွဲ့နှင့် ကော်ဇောနီလျှောက်လမ်းခင်း၍ ကြိုဆိုခဲ့သည်။





ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin နှင့် မနက်ဖြန် မတ်လ ၄ ရက်တွင် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခြင်း၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံဆွေးနွေးခြင်းများ အပါအဝင် ရုရှား အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ခိုင်မာအောင်ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်သည်။