၁၇. ၁. ၂၀၂၃
ရိုက်ကူး/တည်းဖြတ် ဟေမာ
ကျွန်တော် ပညာမတတ်ဘူး။ ကိုယ်ချင်းစာတတ်တယ်။ အရောင်းအဝယ်တတ်တယ်ဆိုတဲ့ ကိုလင်းထင်က ပိတ်စအလေအလွင့်တွေကို ရောင်စုံခြေသုတ်ခုံတွေရက်လုပ်တဲ့ အလုပ်ရုံငယ်တစ်ခုကို အင်းစိန်မြို့နယ် မုဒိတာ အိမ်ရာအနီးမှာ ဂိုထောင်နဲ့ မြေနေရာ ငှားရမ်းပြီး ဦးဆောင်လုပ်ကိုင်နေသူပါ။
သူ့အလုပ်ရုံမှာ ၆ နှစ်သားကလေးအစ မိသားစုလိုက် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအယောက် ၃၀ ကျော်နဲ့ လည်ပတ်နေပါတယ်။
သူ့ဆီအလုပ်လာလုပ်တဲ့ ဝန်ထမ်းက ကလေးပါလာရင် ကလေးရဲ့ ကျောင်းစရိတ်ကို သူက တာဝန်ယူတာပါ ။ ကလေးတွေက ကျောင်းအပြန် မုန့်ဖိုးရအောင် သူ့လုပ်ငန်းခွင်မှာ ချည်မွှေးညှပ်တာ ယက္ကန်းစင်က ဖြုတ်လာတဲ့ ခြေသုတ်ခုံ ကြိုးဖြုတ်တာ စတဲ့ အလုပ်တွေကို ဝင်ရောက် လုပ်ကိုင်ကြတာပါ ။
ကိုလင်းထင်က ဆယ်ကျော်သက်ကနေစပြီး သုံးဆယ်ကျော်အထိ သူများအလုပ်သမားဘဝနဲ့ ရိုကျိုးစွာ ရုန်းကန်ရင်း၊ လုပ်ငန်းတစ်ခု လည်ပတ်ရာမှာ ငွေအရင်းအနှီးမရှိပေမယ့် ယုံကြည်မှုနဲ့ ကတိတစ်လုံးက အရေးကြီးတယ်ဆိုတာကို သူသိလာတဲ့အခါ သူကျင်လည်ရာ ပတ်ဝန်းကျင်က ကျွမ်းကျင်တဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်ရင်း ကြိုးစားနေပုံတွေကို MT News ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ။