
၃. ၃. ၂၀၂၅
Written by Nay Moe
ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းနက်ကုန်းရွာအုပ်ချုပ်ရေးမှူး ဆိုင်ကယ်စီးလာချိန် အုတ်ဖို PDF က ချောင်းမြောင်း ပစ်သတ်လို့ ရင်ဘတ်နဲ့ ဝမ်းဗိုက် ကျည်ထိမှန်လဲကျချိန်မှာ ထပ်မံပစ်သတ်ဖို့ကြံစည်ပေမဲ့ ရဟန်းတစ်ပါးဝင်တားမြစ်တာကြောင့် အသေမသတ်ခဲ့ရဘူးလို့ ကျူးလွန်တဲ့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ဒီနေ့မှာ ဝန်ခံချက် ထုတ်ပြန်လာပါတယ်။
ဖြစ်စဥ်က ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွှေပန်းတောကျေးရွာနေ ကျွန်းနက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းကြည်ကို ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၄ နာရီခန့်မှာ တပည့်ဖြစ်သူနဲ့ ဆိုင်ကယ်စီးလာချိန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF တွေက ကျွန်းနက်ကုန်းရွာထိပ်မှာ ရင်ဘတ် ၁ ချက်၊ ဝမ်းဗိုက် ၁ ချက် ပစ်ခတ်ပြီး အသေပစ်သတ်ဖို့ လုပ်ဆောင်နေချိန် PDF တွေက မဘသ ဘုန်းကြီးလို့ အမည်တပ်ခံရတဲ့ ဆရာတော်တစ်ပါးက ပစ်ခတ်မရအောင် ကာထားလို့ ပြင်းထန်ဒဏ်ရာပဲ ရရှိခဲ့တဲ့ဖြစ်စဥ်ဖြစ်ခဲ့တာပါ။
အုပ်ချုပ်ရေးမှူး ဦးသောင်းကြည်ဟာ PDF အဖွဲ့တွေနဲ့ PDF တွေရဲ့ အချက်အလက်ကို ထောက်လှမ်းသတင်းပို့တာ၊ လူငယ်တွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး စစ်မှုထမ်းဖို့ လူစုပေးတာနဲ့ ငွေကြေးကောက်ခံတာ လုပ်ဆောင်နေတယ်လို့ အုတ်ဖို PDF က အမည်ဖျက်ပေမဲ့ ဒီစွပ်စွဲချက် မှန်မမှန် MT News က အတည်မပြုနိုင်သလို အုတ်ဖို PDF ကလည်း သက်သေမပြနိုင်ပါဘူး။
လက်နက်မဲ့အုပ်ချုပ်ရေးမှူးကို ချောင်းပစ်တဲ့ အုတ်ဖို PDF က ဒီလိုမျိုး တပ်မတော်နဲ့နီးစပ်တဲ့ဝန်ထမ်းအဝန်းအဝိုင်းအားလုံးအပေါ် သတ်ဖြတ်မှုကို အချိန်နေရာမရွေး တိုက်ခိုက်သွားမှာဖြစ်လို့ ပြည်သူတွေက ဒီလို အဝန်းအဝိုင်းတွေအနီး သွားလာနေထိုင်တာ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့နဲ့ သတိပေးချက် မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားလာရင် တာဝန်ယူ ဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်း ခြိမ်းခြောက်ထားပါတယ်။