
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေကို ဖြိုခွင်းမှုအပေါ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲ စောချစ်သူနဲ့ တွေဆုံမေးမြန်းခြင်း
၃.၃.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမှ Nation TV သတင်းဌာနက မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနယ်စပ်တို့မှာ စခန်းချလှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းတွေကို ဖြိုခွင်းမှုအပေါ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်မှူးချုပ်စောချစ်သူနဲ့ ကရင်ပြည်နယ်အတွင်း ရွှေကုက္ကိုရွာမှာ ရှိတဲ့ သူ့ရဲ့အိမ်မှာ တွေ့ဆုံမေးမြန်းမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
ဒီမှာ စောချစ်သူက ကရင် နယ်ခြားစောင့်တပ်ဖွဲ့က ကျားဖြန့်စခန်းတွေနဲ့ ဆက်သွယ်မှုရှိတယ်ဆိုတာကို လုံးဝငြင်းဆိုခဲ့ပြီး “အရင်ကျားဖြန့်စခန်းတွေက အလုပ်သမားဟောင်းတွေ ၇,၀၀၀ ခန့်ကို နေရပ်နိုင်ငံ ကို ပြန်ပို့ပေးဖို့ အတွက် စောင့်ဆိုင်းနေတုံးမှာ သူတို့အတွက် နေ့စဉ် ဘတ်ငွေ ၁ ဒသမ ၆ သန်း နယ်ခြားစောင့်တပ်ဖွဲ့က အကုန်အကျခံနေရတာကို စရိတ်မတတ်နိုင်ဖြစ်နေရတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအကူအညီပေးဖို့တောင်းဆိုပါတယ်။ ဒီစခန်းတွေက နောက်ထပ် လူ ၂၀,၀၀၀ လောက် ရောက်လာဦးမယ်လို့လည်း မျှော်လင့်ရတယ်” လို့ Nation TV ကို ပြောခဲ့ပါတယ်။

Nation TV က ကရင်ပြည်နယ်အတွင်း သွားရောက်တွေ့ဆုံခိုက်မှာ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် စောချစ်သူ (ခေါ်) မောင်ချစ်သူနဲ့ တွေ့ဆုံမေးမြန်းခဲ့တာပါ။ စောချစ်သူက လည်း ကမ္ဘာအနှံ့ ဒေါ်လာ ဘီလျံနဲ့ချီပြီးရတဲ့ ဖုန်းခေါ်ဆို လိမ်လည်မှုစခန်းတွေကနေ ကျားဖြန့်စခန်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးတဲ့ ကျားဖြန့်စီမံကိန်းတွေနောက်မှာ အဓိကကျသူလို့ သူ့အပေါ်စွပ်စွဲမှုတွေကို တန်ပြန်ဖို့ တွေ့ဆုံမေးမြန်းတာကို သဘောတူခဲ့ပါတယ်။
ထိုင်းနိုင်ငံအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကတော့ BGF အကြီးအကဲ စောချစ်သူနဲ့ လက်ထောက် နှစ်ဦးကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားနေတာပါ။
Nation TV က စောချစ်သူကို တွေ့ဆုံမေးမြန်းနိုင်ဖို့ ခြောက်လလောက်စီစဉ်ခဲ့ရပြီး နောက်ဆုံးမှာတော့ BGF တို့ ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်ရွာမှာ တွေ့ခွင့်ရခဲ့တာပါ။ သူက Nation TV အဖွဲ့ကို နွေးထွေးစွာ ကြို ဆိုခဲ့ပြီး “ကျွန်တော်နဲ့ပတ်သက်လို့ တချို့သတင်းတွေက အမှားတွေပါ။ ဒါတွေက နားလည်မှုလွဲစေပြီး ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော် တစ်ခါမှ ရှင်းပြခွင့်လည်းမရခဲ့ဘူး။ တကယ်လို့ ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်မယ်ဆိုရင်တောင် ကျွန်တော်တစ်ခုပဲမေးချင်တယ်။ ကျွန်တော် ဘာများအမှားအယွင်း လုပ်ခဲ့မိလို့လဲ” လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံအောက်လွှတ်တော် အမျိုးသားလုံခြုံရေး၊နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနဲ့ အမျိုးသား ပြုပြင်ပြောင်းလဲမှု ကော်မတီဥက္ကဋ္ဌ ရန်ဆီးမန် ရုမ်းက သူ့ ကို နယ်စပ်တစ်လျှောက် လာဘ်စားမှုပြုတဲ့ ထိုင်းအရာရှိတွေနဲ့အတူ ကျားဖြန်းစခန်းတွေကိုထိန်းချုပ်နေတယ်လို့ စွပ်စွဲမှုအပေါ်လည်း စောချစ်သူက ပယ်ချခဲ့ပါတယ်။

စောချစ်သူ က “ဒီစွပ်စွဲချက်တွေကို ကြားရတာစိတ်မကောင်းစရာပါ။ စဉ်းစားကြည့်ရင် ကျွန်တော်က ထိုင်းနိုင်ငံအာဏာပိုင်တွေနဲ့ ဆက်တိုက်ပူးပေါင်းဆောင်ရွက်နေတာ။ ကျွန်တော်က ဒီ ကျားဖြန့်ဂိုဏ်းတွေနဲ့ပတ်သက်နေတယ်လို့ သူတို့ ဘယ်ကသတင်းရကြလဲ မသိဘူး။ ဘယ်လိုဥပဒေမျိုးကို သုံးကြလဲ မသိဘူး။ ကျွန်တော်က ကျားဖြန့်ဂိုဏ်းတွေနဲ့ ပတ်သက်မှု လုံးဝမရှိတာကို ဒီမှာ ကြေညာပါတယ်။ ကျွန်တော်က မြေလွတ်နေရာငှားရမ်းတဲ့ မြေပိုင်ရှင်တစ်ဦးပါ”လို့ ပြောခဲ့ပါတယ်။
စောချစ်သူက သူ့အနေနဲ့ ဘတ်ငွေ ဘီလျံနဲ့ချီတဲ့ပစ္စည်းဥစ္စာတွေ ထူထောင်ခဲ့တယ်လို့ စွပ်စွဲမှုအပေါ်လည်း ငြင်းခဲ့ပါတယ်။ သူမြေငှားလို့ ရတဲ့ငွေကို ရွှေကုက္ကိုလ်ရွာမှာ လမ်း၊ ကျောင်း၊ ဆေးရုံ၊ ဟိုတယ်၊ အဆောက်အအုံနဲ့ ဘုရားစေတီတွေ တည်ဆောက်ဖို့ သုံးခဲ့တယ်။ ရွှေကုက္ကိုရွာသစ်တည်ဆောက်ဖို့ မြန်မာအစိုးရ(NLD အစိုးရဟောင်း)က တရုတ်ကုမ္ပဏီ Yatai Group ကို ခွင့်ပေး သဘောတူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး စောချစ်သူက “ကျွန်တော်က ကရင်တိုင်းရင်းသားတစ်ဦးပါ။ ကလေးဘဝကတည်းက ရုန်း ကန်ခဲ့ရတယ်။ ငယ်ငယ်ထဲက ပညာသင်ကြားခွင့် ငြင်းပယ်ခံရပြီး စစ်တပ်ထဲ ဝင်ခဲ့ရတယ်။ တိုင်းပြည် ကြီး ဖွံ့ဖြိုးဖို့၊ ကရင်ပြည်သူတွေဘဝ ပိုမိုကောင်းမွန်စေဖို့ ဆန္ဒရှိတာ မမှားပါဘူး။ ဒါပေမယ့် ကိုဗစ် ရောဂါဖြစ်ပွားနေတုံးမှာ မြေငှားလိုက်မိမှုက ဖုန်းခေါ်လိမ်ညာဂိုဏ်းတွေရဲ့ ဩဇာလွှမ်းမိုးမှု အစပျိုးဖို့ ဖြစ်စေခဲ့တာ ဘယ်သူကထင်မှာလဲ”လို့ ပြောခဲ့ပါတယ်။
Nation TV က မြဝတီမြို့ဟာ ဖုန်းခေါ်ဆိုလိမ်ညာဂိုဏ်းတွေရဲ့ အမာခံနယ်မြေဖြစ်ခဲ့ရပြီး ” ခင်ဗျားအနေနဲ့ သူတို့ကိုနှိမ်နင်းဖို့ ဖိအားပေးခံခဲ့ရတာ ဝန်ခံပါသလား” လို့ မေးခဲ့ရာမှာတော့ စောချစ်သူက “ဆိုလိုတာက ဘာလဲ။ ကျွန်တော် အစပိုင်းမှာ ဖုန်းခေါ်ဆိုလိမ်ညာဂိုဏ်းဆိုတာ ဘာလဲ ကျွန်တော်မသိခဲ့ဘူး။ နောက်တော့ သူတို့ဟာ လိမ်ညာမှုတွေလုပ်နေတာသိလာတယ်။ ဒီမှာနှုတ်ဆိတ်မနေခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် သူက “၂၀၂၄ ခုနှစ်မှာ ကျွန်တော်တို့နယ်မြေအတွင်း ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေ ပြန် ထွက်ခွာကြဖို့ ကျွန်တော်တို့ ကြေညာခဲ့တယ်။ အတော်များများက ဒီကြေညာချက်ကို BGF ရဲ့ ဂုဏ်သိက္ခာကိုမြှင့်တင်ဖို့လုပ်တဲ့ အယောင်ဆောင်ကြေညာချက်လို့ ထင်ခဲ့ကြတယ်” လို့ ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် “မြဝတီကိုရောက်လာကြတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံကိုဖြတ်ပြီး တရားဝင်ရော တရားမဝင်ပါ ရောက်လာကြတာပဲ” လို့ ဆိုခဲ့ပါတယ်။
ဒါ့ပြင် စောချစ်သူက လျှပ်စစ်ဓာတ်အားနဲ့ ရေပြတ်တောက်မှုတွေကြောင့် မြဝတီနေထိုင်သူတွေမှာ ပိုပြီး ထိခိုက်လာကြရတယ်လို့ Nation TV ကို ပြောခဲ့ပါတယ်။
“အခုအချိန်မှာ လူတိုင်းက ကျွန်တော့်ကို အပြစ်ပြောတယ်။ ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ်တော့ ဘယ်သူမှတာဝန်မယူကြဘူး။ ကျွန်တော် ဘာလုပ်လုပ် ဝေဖန်ခံရတယ်။နောက်ဆုံးကျားဖြန့်တွေနှိမ်နင်းဖို တရုတ် – မြန်မာ – ထိုင်း အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာတောင် ရုပ်ပြကောင်းအောင်လုပ်နေတာ” လို့ ပြောနေကြသေးတယ် လို့ တွေ့ဆုံမေးမြန်းပွဲမှာစောချစ်သူက နောက်ဆုံးပြောကြားခဲ့ပါတယ်။
Ref- Nation Thailand