
MT News
၃.၃.၂၀၂၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တို့၌ ဓားဦးချွန်ကိုင်ဆောင်ရမ်းကားသူ အမျိုးသားနှစ်ဦးအား လက်နက်ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဥယျာဉ်စုရပ်ကွက်၊ အမှတ်(၅)လမ်းပေါ်အရောက်၌ ဓားကိုင်ဆောင်ရမ်းကားနေသူ အဆိုပါရပ်ကွက်နေ ဇေယျာဝင်း(၄၅)နှစ်အား အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန် သုံးချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ဇေယျာဝင်းအား ရွာကောက်နယ်မြေရဲစခန်း (ပ)၂၅/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့သည်ဟု သိရသည်။
အလားတူ နံနက် ၅ နာရီ ၄၅ မိနစ်တွင် မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု(ဝဝ)ရပ်ကွက်၊ ၁၄၂ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြားအရောက်၌ အဆိုပါရပ်ကွက်နေ ကျော်ရဲခန့်(ခ)ကျော်ကြီး(၂၄)နှစ်အား အရိုးအသွား ၁၂ လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ကျော်ရဲခန့်(ခ)ကျော်ကြီးအား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၃၃/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့်လည်းကောင်း အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။