
၃.၃.၂၀၂၅.
Translated by Htwe Ko Tun
ယူကရိန်းစစ်ပွဲအရေးနဲ့ ပတ်သက်လို့ ဥရောပခေါင်းဆောင်တွေရဲ့ အရေးပေါ်ထိပ်သီးအစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ လန်ဒန်ကိုရောက်နေတဲ့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါဟာ ကနေဒါနိုင်ငံရဲ့ အကြီးအကဲအဖြစ်သတ်မှတ်ထားတဲ့ ဗြိတိန်ဘုရင် ချားလ်စ်နဲ့ မတ်လ ၃ ရက်မှာတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ကနေဒါနိုင်ငံဟာ ဗြိတိန်နိုင်ငံရဲ့ ကိုလိုနီနိုင်ငံဖြစ်ခဲ့ဖူးပါတယ်။ ဖက်ဒရယ်ပါလီမန်ဒီမိုကရေစီစနစ်နဲ့ စည်းမျဉ်းခံဘုရင်စနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်ပြီး ဓနသဟာယအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံလည်းဖြစ်လို့ ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားလ်စ်ဘုရင်ကိုပဲ နိုင်ငံအကြီးအကဲအဖြစ် သတ်မှတ်ထားခဲ့တာပါ။
ထရူးဒေါအနေနဲ့ ချားလ်စ်ဘုရင်နဲ့တွေ့ဆုံရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဒေါ်နယ်ထရန့်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက်ပြည်နယ်အဖြစ် ခြိမ်းခြောက်မှုပြုနေတာနဲ့ပတ်သက်လို့ အလေးထားဆွေးနွေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ကနေဒါတို့က ကုန်သွယ်ဖက်နိုင်ငံတွေလည်းဖြစ်ကြရာမှာ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အမေရိကန်အနေနဲ့ တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၂၀၀ ခန့် အရှုံးပေါ်နေရပါတယ်။ ကနေဒါမှ တင်သွင်းကုန်တွေဟာ အမေရိကန်မှာလည်း ထုတ်လုပ်နိုင်တာတွေဖြစ်ပါတယ်။ ကနေဒါက အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်လာရင် ကနေဒါနိုင်ငံသားတွေအဖို့ အခွန်ထမ်းဆောင်ရာမှာသက်သာပြီး လုံခြုံရေးမြင့်တက်လာမှာပါ။ အခုဆိုရင် ကနေဒါဟာ သူ့နိုင်ငံကာကွယ်ရေးအတွက် အမေရိကန်စစ်တပ်ကိုပဲ အားထားမှုပြုပြီး မျှတမှုမရှိဆောင်ရွက်နေတာတွေ့ရတယ် ဆိုပြီး အမေရိကန်သမ္မတ ထရန့်က ဖေဖော်ဝါရီလအတွင်းမှာပြောခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါကိုလည်း ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ထရန့်က ပြောခဲ့ပါသေးတယ်။
ဒါတွေက ကနေဒါနိုင်ငံမှာတော့ ခြိမ်းခြောက်မှုကြီးဖြစ်လာရပြီး ကနေဒါကိုကျူးကျော်ဖို့ ထရန့်ရဲ့ ဒီလိုပြောဆိုခြိမ်းခြောက်မှုကို ချားလ်စ်ဘုရင်က ရေငုံနှုတ်ပိတ်နေတာကြောင့် ကနေဒါမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။
ထရူးဒေါက သူ့အနေနဲ့ ချားလ်စ်ဘုရင်နဲ့ ကနေဒါပြည်သူတွေရဲ့ အရေးကြီးကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်။ သူက ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့လွတ်လပ်ရေးအရ ကနေဒါပြည်သူတို့ရရှိနေတဲ့အခွင့်အရေးထက် အရေးကြီးတာမရှိဘူးလို့ မတ်လ ၂ ရက်က ပြောခဲ့ပါတယ်။
ချားလ်စ်ဘုရင်က ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့လည်း မတ်လ ၂ ရက်က တွေ့ခဲ့ပြီး သမ္မတထရန့်ကို စကော့တလန်နယ်ဆီ နိုင်ငံတော်ခရီးစဉ်အဖြစ်လာရောက်ဖို့ ဖိတ်ကြားထားပါသေးတယ်။
Ref- AP