
၃.၃.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ ရွှေမှုံရတီကတော့ ကျန်းမာရေး သေသေချာချာကောင်းမှပဲ အနုပညာအလုပ်ပြန်လုပ်မယ်လို့ ဆိုပါတယ်။


“သဲက ကျန်းမာရေးက ငယ်ငယ်ကတည်းက ချူခြာတဲ့သူမို့ ကျန်းမာရေးကောင်းမှပဲ အလုပ်တွေ ပြန်လုပ်ချင်တယ်ပေါ့နော်။ ဒီကျန်းမာရေး ချူခြာနေတော့ အလုပ်လုပ်ရတာ စိတ်မဖြောင့်ဘူးပေါ့နော်။ ကျန်းမာရေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်တဲ့သူတွေလည်း သဲကြောင့် အလုပ်ပျက်တာရှိရင် သဲ ဒီနေရာကပဲ တောင်းပန်ချင်ပါတယ်။ အားလည်းနာရပါတယ်။ ကျန်းမာရေး အကောင်းဖြစ်မှ အနုပညာလုပ်ချင်တာပါ။ သဲက အစာအိမ်ပေါ့။ အမျိုးသားကလည်း အများကြီး ဂရုစိုက်ပေးတယ်လေ။ ကိုရွှေထူးကတော့ ပြောစရာမလိုဘူးပေါ့ သဲရဲ့ ဆေးပေးမီးယူပဲလေ။ သဲ မွေးရာပါ နှလုံးကလည်း အားနည်း၊ အစာအိမ်ကလည်း အားနည်းဆိုတော့လေ။ ရည်းစားဘဝက သူကဂရုစိုက်ပေးတာပါ”လို့ ရွှေမှုံရတီက ပြောပါတယ်။
သူမကတော့ ထိုင်းနိုင်ငံမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကြပ်ကြပ်မတ်မတ် ၃ လလောက် ဆေးကုသမှု ခံယူထားရတယ်လို့လည်း သိရပါတယ်။ ခင်ပွန်းသည်က ရည်းစားဘဝတည်းက ဂရုစိုက်ပေးသလို အိမ်ထောင်ကျပြီး ပိုဂရုစိုက်ပေးတယ်ဆိုပါတယ်။
“သဲတို့ ညားခါစ ၂၀၂၀ လောက်က Live မှာ ကိုရွှေထူးကို စလိုက်တာပါ။ သဲက တစ်ခုခုဆို ပရိသတ်တွေကို အရင်အသိပေးမှာပါ။ ကလေးယူဖို့ စိတ်ကူးပေါက်ရင်ပေါက်သလို စဥ်းစားထားပါတယ်”လို့ သူမကဆက်ပြောပါတယ်။