
လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီဖြတ်တောက်မှုများအပါအဝင် ပိတ်ဆို့ထားမှုများ ပြန်ဖွင့်ပေးရန်ပါ တောင်းဆို
၃. ၃. ၂၀၂၅
Written by Nay Moe
မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းများတွင် ရောက်ရှိနေသည့် နိုင်ငံ ၃၀ ကျော်မှ လူ ၇၀၀၀ ကျော်ကို ကယ်ထုတ်ပေးထားပြီးဖြစ်၍ သက်ဆိုင်ရာနိုင်ငံများက မိမိနိုင်ငံသားများ လာရောက်ခေါ်ယူရန် BGF ထုတ်ပြန်လိုက်ပြီး လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီဖြတ်တောက်မှုများအပါအဝင် ပိတ်ဆို့ထားမှုများ ပြန်ဖွင့်ပေးရန်ပါ တောင်းဆိုထားသည်။
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ မမျှော်လင့်ထားသော နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်ပွားလာသော ကိစ္စရပ်များကို နှိမ်နင်းတိုက်ဖျက်ရန်နှင့် အစိုးရ၊ နိုင်ငံတကာတို့နှင့်ပူးပေါင်းလက်တွဲဆောင်ရွက်ရန် တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နိုင်ငံအချို့၊ ကျင့်ဝတ်မရှိသော သတင်းဌာနနှင့် လူပုဂ္ဂိုလ်အချို့တို့သည် ပကတိအခြေအနေမှန်ကို မျက်ကွယ်ပြုကာ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အကြီးအကဲများကို တရားခံသဖွယ် ပြစ်တင်ခြင်း၊ လူ့ဂုဏ်သရေကို ညှိုးနွမ်းစေသည်အထိ အပြစ်မဲ့မိသားစုများကိုပါ ထိခိုက်နစ်နာစေသည့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်းတို့ကို မရိုးသားသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်တိုက်ခိုက်ခဲ့ကြပြီး အဆိုးဝါးဆုံးမှာ နယ်စပ်နေ မြန်မာတိုင်းရင်းသား ပြည်သူများသည် တစ်ဖက်နိုင်ငံအပေါ် နေ့စဉ်လူမှုစီးပွားဘဝ မှီခိုနေရသည်ကို အခွင့်ကောင်းယူလျက် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာဖြင့် လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ စက်သုံးဆီနှင့် အသုံးဆောင်များဖြတ်တောက်ခြင်းတို့ကို ဆိုးဝါးစွာပြုမူလျက် အပြစ်မဲ့ပြည်သူများကိုပါ ထိခိုက်နစ်နာအောင် ဆောင်ရွက်ခဲ့ကြသည်ဟု BGF က ဆိုသည်။
နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)သည် မိမိတို့၏ ထုတ်ပြန်ကြေညာချက်အတိုင်း တိကျမြန်ဆန်သည့် အရေးယူဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပြီး မတရားသောလုပ်ငန်းများကို ဝင်ရောက်စီးနင်းကာ တရားခံများကို ဖမ်းဆီးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ကာ သက်ဆိုင်ရာအစိုးရဒေသအာဏာပိုင်များထံသို့ လွှဲပြောင်းခြင်းကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်း (၃၀) ကျော်မှ နိုင်ငံခြားသား (၇၀၀၀)ကျော်ကို ယနေ့အထိ အခက်အခဲများကြားမှ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ပံ့ပိုးကူညီကျွေးမွေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေး အစရှိသည့် နေ့စဉ်ကိစ္စရပ်များပါမကျန် ကူညီစောင့်ရှောက်ပေးထားကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးနိုင်ရန် အသင့်ပြင်ဆင်စောင့်ဆိုင်းလျက်ရှိသည်။
သို့ရာတွင် မြန်မာနယ်စပ်ဒေသမြို့ ဖြစ်သည့် မြဝတီမြို့အား တစ်ဖက်နိုင်ငံ(ထိုင်း)မှ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း၊ စက်သုံးဆီဖြတ်တောက်ထားခြင်းနှင့် ဆက်သွယ်ရေးစနစ် ဖြတ်တောက်ထားခြင်းတို့ကြောင့် အဆိုပါပြည်ပနိုင်ငံသားများ အပေါ် လူသားချင်းစာနာစွာ ကူညီစောင့်ရှောက်မှုလုပ်ငန်းစဉ်များတွင်လည်း အခက်အခဲဖြစ်ပေါ်လျက် ရှိသည်။
သို့ပါ၍ ကမ္ဘာအရပ်ရပ်ရှိ သက်ဆိုင်ရာနိုင်ငံများအနေဖြင့် မိမိနိုင်ငံသားများအား အမြန်ဆုံး လာရောက်ခေါ်ယူနိုင်ကြပါရန်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသရှိ အပြစ်မဲ့ပြည်သူများ၏ နေ့စဉ်နေထိုင်မှု ဘဝကို ထိခိုက်စေသည့် လူသားချင်းစာနာမှုကင်းမဲ့သော ပိတ်ဆို့ဖြတ်တောက်မှုများကို ပယ်ဖျက်ပေးပါရန် အလေးအနက်တိုက်တွန်းအပ်ကြောင်းနှင့် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) အနေဖြင့် တရားမဝင် လိမ်လည်လှည့်ဖျားသည့် လုပ်ငန်းများနှင့် လူကုန်ကူးသည့်လုပ်ရပ်များအား အစိုးရ၊ နိုင်ငံတကာတို့နှင့် လက်တွဲဖြေရှင်းရန် အသင့်ရှိကြောင်း ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) က ထုတ်ပြန်ထားသည်။