
ပုံစာ။ မြိုင်ရေနံမှော်ဒေသ ယနေ့ လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ရသည့်မြင်ကွင်း (Photo - Credit)
၃. ၃. ၂၀၂၅
Written by Nay Moe
မြိုင် PDF တွေ ထိန်းချုပ်ထားပြီး ပြည့်တန်ဆာခန်းတွေ ဖွင့်လှစ်လည်ပတ်နေတဲ့ လက်ပံတိုရေနံမြေအပါအဝင် ကျေးရွာ ၉ ခု ဒီမနက်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။



လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ ဒီနေ့မနက် ၁ နာရီကနေ ၃ နာရီကြားအချိန်မှာ ပခုက္ကူခရိုင်၊ မြိုင်မြိုနယ်၊ ဆိတ်ချေးရွာ၊ ဂျုတ်ကုန်းရွာ၊ ညောင်ကုန်းရွာ၊ ဆူးဝင်းရွာ၊ တောရွာတွေအနီးကို Y-12 ၊ Jet Fighter တွေနဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်စီ၊ ဘောင့်ဘင်ရွာကို Y-12 နဲ့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပခုက္ကူခရိုင်၊ ပေါက်မြိုနယ်က သရက်ကန်၊ ဆုံကုန်းရွာနဲ့ လက်ပံတိုရွာရေနံမှော်ကို Jet Fighter နဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်စီပြုလုပ်ခဲ့တယ်လို့ နွေဦးတော်လှန်ရေး – မြိုင်မြို့က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ဆယ်ဦးကျော်သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရရာမှာ PDF တွေ ထိန်းချုပ်ထားတဲ့ လက်ပံတိုရေနံမြေကတင် အနည်းဆုံး ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။



ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ ဧရာဝတီသတင်းဌာနက မြိုင် PDF တွေဟာ ပေါက်နဲ့မြိုင်အစပ်က ရေနံမြေတွေကို PDF တွေက ထိန်းချုပ်ထားပြီး ပြည့်တန်ဆာခန်းတွေ၊ KTV တွေ ဖွင့်လှစ်ထိန်းချုပ်ထားလို့ PDF တွေက ငွေကြေးအကျိုးအမြတ်များစွာ ရနေကြောင်း ဖော်ထုတ်အပြီး PDF တွေ တပ်စွဲထားတဲ့ ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်တဲ့ PDF ခေါင်းဆောင် ကမ္ဘာကျော်ရဲ့ မင်္ဂလာဆောင်ကို မြေပုံညွှန်း၊ အချိန်အတိအကျနဲ့ ပြည်သူ့သတင်းပေးမှုအရ လေကြောင်းတိုက်ခိုက်ခဲ့လို့ PDF တွေနဲ့ အားပေးထောက်ခံသူ ဆယ်ဦးကျော် သေဆုံးခဲ့ရအပြီး ဒီနေ့မနက်မှာ မြိုင်နဲ့ပေါက် PDF တွေ ထိန်းချုပ်ရာ ရေနံမှော်နေရာတွေ ဆက်လက်ရှင်းလင်းခံရတာဖြစ်ပါတယ်။



မြိုင်ပကဖဟာ ပြည့်တန်ဆာခန်းနဲ့ KTV တွေကတစ်ဆင့် တစ်လ သိန်း ၄၀၀၀ ခန့် ဝင်ငွေရနေသလို အစိုးရဆီက သိမ်းယူထားတဲ့ ရေနံတွင်းတွေနဲ့ ကိုယ်ပိုင်တွင်းတွေကလည်း တစ်ပီပါ ၅ သိန်းကျော် ပေါက်စျေးရှိတဲ့ ရေနံပီပါ ၂၀၀၀ ခန့် နေ့စဥ် ရနေလို့ တစ်ရက် သိန်း ၁၀၀၀၀ ကျော် ဝင်ငွေရှိတဲ့အပြင် ရေနံချက်ဖိုတွေ၊ ဒေသခံလုပ်ငန်းရှင်တွေ၊ ရေနံသယ်ယူသူတွေဆီက အခွန်ကလည်း တစ်လ သိန်း ၁၅၀၀ လောက်ရနေလို့ မြိုင်ပကဖ တစ်ရက်ပျမ်းမျှဝင်ငွေဟာ သိန်း ၁၅၀၀၀ ပတ်လည်မှာရှိနေတယ်လို့လည်း မြိုင်ပကဖရဲ့ ငွေသုံးပြီးကိုယ်ကျိုးရှာမှုမနှစ်မြို့တဲ့ ဒေသတွင်း PDF လက်နက်ကိုင်နဲ့ဆက်နွှယ်သူတွေက တွက်ဆပြကြပါတယ်။
ပုံစာ။ မြိုင်ရေနံမှော်ဒေသ ယနေ့ လေကြောင်းတိုက်ခိုက်မှုအပြီး မြင်ရသည့်မြင်ကွင်း (Photo – Credit)