
၃.၃.၂၀၂၅
Written by Thettant
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဖဲရိုက်နေတဲ့ အမျိုးသမီးငါးဦးကို လောင်းကြေး ဘတ် ၁၅၈၀၀ နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်မှာ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်နေ တင်မာဖြူ(ခ)ခင်မိုးဝေ(၄၀)နှစ်ရဲ့ နေအိမ်မှာ ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အဆိုပါရပ်ကွက်နေ တင်မာဖြူ(ခ)ခင်မိုးဝေ၊ တစ်ရပ်ကွက်တည်းနေ ကေသွယ်ဦး(၂၇)နှစ်၊ ဝင်းဝင်းသန်း(၄၁)နှစ် ၊ ပြုံးပြုံးသန်း(၅၇)နှစ်နဲ့ မိုးမိုးအေး(၄၈)နှစ်တို့ကို ဖဲရိုက်လောင်းကစားပြုလုပ်ရာမှာအသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ၊ လောင်းကြေးငွေ ၁၅,၈၀၀ ဘတ်တို့နဲ့အတူ တွေ့ရှိဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် တင်မာဖြူ(ခ)ခင်မိုးဝေပါ ငါးဦးကို တာချီလိတ်မြို့မရဲစခန်းက (ပ)၄၀/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သိရပါတယ်။