
ငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်ပြည်သူများ သိသိသာသာ ခံစားခဲ့ရ
MT News
၃.၃.၂၀၂၅
တိုက်ကြီးမြို့အနီး ဗဟိုပြုပြီး ဇောက်တိမ်၍ ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု ယနေ့မနက်တွင် လှုပ်ခတ်ခဲ့ပြီး အဆိုပါ ငလျင်လှုပ်ခတ်မှုဒဏ်ကို ရန်ကုန်ပြည်သူများ သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
ငလျင်လှုပ်ခတ်မှုအပေါ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ ယနေ့ နံနက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ ၃ မိနစ်၊ ၁၃ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက် -အနောက်မြောက်ဘက် (၂၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် (၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၆ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂၁၄ မိုင်) ကို ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ငလျင်လှုပ်တာ တော်တော်ပြင်းတယ်။ ယိမ်းခါပြီးလှုပ်သွားတာက ခေါင်းတောင်မူးတယ်။ ရုံးပေါ်ခြောက်လွှာက ပြေးဆင်းရမလိုကိုဖြစ်သွားတာ။ တော်သေးတယ်။ လှုပ်တဲ့အချိန်က သိပ်မကြာလိုက်လို့”လို့ ဗိုလ်တထောင်မြို့နယ်က ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
အဆိုပါ ငလျင် လှုပ်ခတ်ခဲ့မှုကို တိုက်ကြီး၊ ထိန်းတပင်၊ သန်လျင်၊ ရန်ကင်း၊ မြောက်ဒဂုံ၊ လသာ၊ မြောက်ဥက္ကလာ၊ တာမွေ၊ ဗိုလ်တထောင်၊ အင်းစိန်၊ လှိုင်သာယာ၊ ဗဟန်း၊ သာကေတ၊ တောင်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ကျောက်တံတား၊ တွံတေး၊ ရေကြည်၊ ဖျာပုံ အစရှိသည့် မြို့နယ်များနှင့် အခြားသောမြို့များအပြင် ပဲခူးတိုင်းမြို့များတွင်ပါ သိသိသာသာခံစားခဲ့ရသည်။