
ယူကရိန်းစစ်ပွဲပြီးဆုံးရေး ထရန့်နဲ့ ဥရောပခေါင်းဆောင်တွေ သဘောထားတူညီကြပါ့မလား
၃.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးတို့ရဲ့ ဖေဖော်ဝါရီလ ၂၈ ရက် အိမ်ဖြူတော်မှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲက တစ်စုံတစ်ရာသဘောတူညီချက်မရဘဲ တင်းမာမှုတွေနဲ့ ပြီးဆုံးခဲ့တာက စစ်ပွဲရပ်ဆိုင်းရေး မျှော်လင့်နေသူတွေအတွက်တော့ ကြီးမားစွာ ဂယက်ရိုက်မှုဖြစ်စေခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီချက်မှာ ရုရှားဘက်က အသာစီးရပြီး ယူကရိန်းနဲ့ ဥရောပရဲ့ လုံခြုံရေးကို အာမ မခံနိုင်ဘဲ ချုပ်ဆိုရမှာကို မလိုလားဖြစ်နေကြတဲ့ ဥရောပနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့ အဓိကကျတဲ့ အရေးပေါ် ထိပ်သီးဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၂ ရက်က လန်ဒန်မြို့မှာကျင်းပခဲ့ကြပါတယ်။
အစည်းအဝေးမှာတော့ ဥရောပခေါင်းဆောင်တွေက ယူကရိန်းကို သူတို့ရဲ ဆက်လက်ထောက်ခံမှုကို ပြသခဲ့ကြတာဖြစ်ပြီး လန်ဒန်မြို့ကိုရောက်ရှိနေတဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးလည်း အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။
အစည်းအဝေးမှာ ယူကရိန်းကိုစစ်ရေးအကူအညီများ ဆက်လက်ပေးဖို့နဲ့ ရုရှားအပေါ် စီးပွားရေးအရ ဖိအားများ ဆက်လက်ဆောင်ရွက်ဖို့၊ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲမှုနဲ့အတူ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို အာမခံဖို့၊ ယူကရိန်း၏ ခံစစ်စွမ်းရည်ကို မြှင့်တင်ဖို့နဲ့ ငြိမ်းချမ်းရေးကို အာမခံမယ့် “ဆန္ဒရှိသော ညွန့်ပေါင်းအဖွဲ့” ထူထောင်ဖို့ ဆိုတဲ့ အချက်လေးချက်ကို ဥရောပခေါင်းဆောင်တွေက သဘောတူခဲ့ကြတယ်ဆိုပါတယ်။
ဇယ်လန်စကီးက သတင်းထောက်တွေကို “သဘောတူညီချက်က စားပွဲပေါ်မှာ အဆင်သင့်ပါပဲ။ ပါဝင်တဲ့ ဘက်တွေက အဆင်သင့်ဖြစ်ရင် လက်မှတ်ထိုးနိုင်ကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ပွဲမှာလည်း နှစ်ဘက်ပဲပါတာလေ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဇယ်လန်စကီးက ပြီးခဲ့တဲ့အပတ် အိမ်ဖြူတော်မှာ သမ္မတထရန့်နဲ့တွေ့တုံးကလည်း ယူကရိန်းမှာ မြေရှားသတ္တုတွေရှာဖွေဖို့ အမေရိကန်ကို ဝင်ခွင့်ပေးဖို့အဆင်သင့်ဖြစ်ပြီး သဘောတူညီချက်လည်း ထိုးနိုင်ဖို့ မျှော်လင့်ခဲ့တာပါလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အိမ်ဖြူတော်အစည်းအဝေးမှာ အပြန်အလှန် အချင်းများမှုတွေနဲ့အတူ ဇယ်လန်စကီးခေါင်းဆောင်တဲ့ ယူကရိန်းအဖွဲ့လည်း အိမ်ဖြူတော်က ထွက်သွားဖို့ ပြောခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီတိုင်းဆိုရင် ယူကရိန်းစစ်ပွဲက ဘယ်လိုသဘောတူညီချက်နဲ့ ပြီးမလဲ ဆိုတာမတိုင်ခင် ထရန့်နဲ့ ဥရောပအုပ်စုအကြား ဘာဆက်ဖြစ်နိုင်သေးလဲ အတားအဆီးတစ်ခုက ဝင်လာရပြန်ပြီလို့ ဆိုရမှာပါ။
Ref- CNN, BBC