၁၇. ၁. ၂၀၂၃
Written by Nay Aung
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဗြိတိန်နိုင်ငံသားများကို မြန်မာနိုင်ငံရှိ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများသို့ ခရီးထွက်ခွာခြင်းမျိုးမလုပ်ဆောင်ရန် အကြံပြုတိုက်တွန်းလိုက်ကြောင်း သိရသည်။
ထိုအပြင် ရှမ်းပြည်နယ်၊ မန္တလေး၊ တနင်္သာရီ၊ ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသများကိုလည်း ခရီးမသွားရန်နှင့် မဖြစ်မနေသွားရောက်ရမည့်ကိစ္စများ ရှိမှသာသွားရောက်စေလိုကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပြုထားသည်။
မြန်မာနိုင်ငံ၏ လုံခြုံရေးအခြေအနေသည် ကြိုတင်မှန်းဆမရဘဲ သတိမထားမိလျှင် အပြောင်းအလဲများရှိလာနိုင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့သော ၂၀၂၁ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းကတည်းက ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပေါက်ကွဲစေသောအရာ IEDs များဖြင့် တိုက်ခိုက်ခြင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့၊ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပွားနေသည့် တိုက်ခိုက်ခြင်းများသည် နစကတပ်ဖွဲ့ဝင်များ၊ အစိုးရအဆောက်အဦးများ၊ စစ်ဆေးရေးဂိတ်များကဲ့သိုသော နစကနှင့်ဆက်နွယ်နေသော နေရာများ၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သော်လည်း အဆိုပါတိုက်ခိုက်မှုများက နိုင်ငံခြားသားများအပါအဝင် ပြည်သူများအပေါ် သက်ရောက်မှုများဖြစ်ဖွယ်ရှိနေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဗြိတိန်နိုင်ငံသားများအနေဖြင့် ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများတွင် ရှိနေမည်ဆိုလျှင် နိုးနိုးကြားကြား သတိဖြင့်နေထိုင်ရန် လိုအပ်ပြီး ဒေသဆိုင်ရာအကြံပြုချက်များကို ရရှိရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးသည်။
ဗြိတိန်နိုင်ငံသားများအနေဖြင့် စစ်အုပ်ချုပ်ရေးဥပဒေ သတ်မှတ်ထားဆဲမြို့များကို သွားရောက်မည်ဆိုလျှင် ကန့်သတ်မှုများ၊ ဒေသဆိုင်ရာစည်းကမ်းဥပဒေများကို သိရှိရန်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ခရီးမထွက်ခင် ခရီးသွားအော်ပရေတာ၏ အကြံပြုချက်များကို ရရှိရန်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ref gov.uk