
MT News
၂.၃.၂၀၂၅
ခေတ်ဟောင်းမြန်မာ့ရုပ်ရှင် “သူချစ်” ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ထိန်းသိမ်းထားသောဗားရှင်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ပြန်လည်ပြသခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ နှစ်နိုင်ငံရုပ်ရှင်နှင့်မီဒီယာအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ စုစုပေါင်းကိုယ်စားလှယ် ၁၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
“သူချစ်”ရုပ်ရှင်ဇာတ်ကားကို ၁၉၅၁ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်က ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာ ဦးချန်ထွန်း ရိုက်ကူးခဲ့ကာ အေဝမ်းညွန့်မောင်၊ မေမြင့်တို့ ပါဝင်သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ ဦးချန်ထွန်း ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားများအနက် သူဇာနှင့် သူချစ် ရုပ်ရှင်ကားများမှာ ထူးချွန်ပြောင်မြောက်ခဲ့ပြီး ဂုဏ်ဇာတ်ကားသည်လည်း အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည်။

“သူချစ်” ရုပ်ရှင်ဇာတ်ကားသည် ထိုခေတ်က အောင်မြင်သော တောင်သူလယ်သမားတို့ဘဝ သရုပ်ဖော်ထားသော ရည်ရွယ်ချက်ကောင်းသည့် မြန်မာဇာတ်ကားတစ်ကားဖြစ်သည်။ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကြသည့် သရုပ်ဆောင်များသည် ဇာတ်လမ်းနှင့်ကိုက်ညီသည့် ဇာတ်ဆောင်များကို ရွေးချယ်ထားသည့်အတွက် ထိုအချိန်က မြန်မာရုပ်ရှင်ဇာတ်ကားများကို တရုတ်နိုင်ငံအပါအဝင် ကြိုက်နှစ်သက်ကြသည့် နိုင်ငံများက ဝယ်ယူလေ့ရှိသည်။ ၁၉၅၅ ခုနှစ်တွင် “သူချစ်” ရုပ်ရှင်ဇာတ်ကားကို တရုတ်ပြည်သူ့သမ္မတနိုင်ငံက စတာလင်ပေါင် ၂၅၀၀ ဖြင့် ဝယ်ယူပြသခဲ့ပြီး ၁၉၅၇ ခုနှစ် တရုတ်နိုင်ငံ ပီကင်းမြို့၌ ကျင်းပသည့် အာရှရုပ်ရှင်ပွဲတော်တွင် တရုတ်ဘာသာစကားအသံသွင်းပြီး ပြသခဲ့ရာ နိုင်ငံတကာမှ လေးစားချီးကျူးမှုများ ရရှိခဲ့သည်ဟု သိရသည်။
“ သူချစ် ” မြန်မာရုပ်ရှင်ဇာတ်ကားကို တရုတ်နိုင်ငံက ယခုအခါ ခေတ်နှင့်အညီ အရုပ်၊ အသံ အရည်အသွေးမြင့်မားသည့် Digital Format အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာနသို့ အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Channel များတွင် အခါအားလျော်စွာ ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေးအပ်ပွဲတွင် သံမှူးကြီး Dr. Zheng Zhihong ကအမှာစကားပြောကြားရာ၌ တရုတ်-မြန်မာ ရုပ်ရှင်ကူးလူးဖလှယ်ရေးသည် နီးကပ်သောဆက်ဆံရေးရှိကြောင်း၊ “သူချစ်” ရုပ်ရှင်သည် “ငဘ” ရုပ်ရှင်းပြီးနောက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် ကူညီ ပြုပြင်ပေးသည့် ဒုတိယမြောက်ရုပ်ရှင်ဖြစ်ကြောင်း၊ ဤရုပ်ရှင်သည် ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက တရုတ်နိုင်ငံတွင်ပြသခဲ့ပြီး တရုတ်နိုင်ငံတွင်ကျင်းပသည့် အာရှရုပ်ရှင်သီတင်းပတ်အခမ်းအနားတွင် ပါဝင်ခဲ့ကြောင်း၊ ယနေ့သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့်အား ဂုဏ်ပြုရန်ပြသခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ရှည်ကြာသော်လည်း သစ်လွင်နေဆဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ထင်ဟပ်ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ရုပ်ရှင်နှင့်မီဒီယာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင့်ပြီး နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးချင်းထိဆက်မှုကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။