သေဆုံးသူမှာ သက်လတ်ပိုင်းအရွယ် အထောက် အထားမဲ့တစ်ဦး ဖြစ်နေ

၂.၃.၂၀၂၅
Written Buy Zun
မလေးရှားနိုင်ငံတွင် အရှိန်ဖြင့်မောင်းလာသည့် ရထားနှင့်တိုက်မိ၍ မြန်မာနိုင်ငံသား သက်လတ်ပိုင်းအမျိုးသားတစ်ဦး သေဆုံးမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ၏ တာဝန်ရှိသူက MT News ကို ပြောသည်။
ယင်းသေမှုသေခင်းဖြစ်စဉ်နှင့်ပတ်သက်၍ MT News က မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) ၏ တယ် လီဖုန်းကို ဆက်သွယ်မေးမြန်းရာ “သူက မနေ့က ညနေ ၆ နာရီခွဲလောက်မှာ ရထားလမ်းကူးနေရင်း ရထားတိုက်သွားတယ်။ ရဲတွေက ကနဦးမှာ မြန်မာနိုင်ငံသားမဟုတ်နိုင်ဘူး၊ တခြားနိုင်ငံသားလို့ ယူဆကြတယ်။နောက်တော့ နီးစပ်ရာတွေကို ဆက်သွယ်စစ်ဆေးတဲ့အခါ မြန်မာနိုင်ငံသားဖြစ်နေတယ်။ သူ့ရဲ့သူငယ်ချင်းတွေလည်း ရှိတယ်။ သူက ဘာမှ အထောက်အထား မရှိဘူး။ တရားမဝင် ရောက်နေတဲ့သူ ဖြစ်နေတယ်။အထောက်အထားမရှိဘူးဆိုတော့ သူ့သူငယ်ချင်းတွေက ဘာမှ မပြောရဲဘူးပေါ့လေ။ နောက်ဆုံးအဆင့်အနေနဲ့ သူ့ကို သင်္ဂြိုဟ်ဖို့ လောလောဆယ် ကွာလာကပူးဆိုတဲ့မြို့ နယ် ဆေးရုံမှာ ထားပါတယ်။ နာရေးနဲ့ပတ်သက်တဲ့အမှုကို ရဲစခန်းက ကိုင်တွယ်ပြီး ဆက်လက်ဆောင်ရွက်နေကြတယ်”ဟု ယင်းက ပြောသည်။
ထိုဖြစ်စဥ်မှာ မတ်လ ၁ ရက် ညနေပိုင်းအချိန် မလေးရှားနိုင်ငံ၊ ဆလန်းကောပြည်နယ်၊ ရာဝမ်းမြို့ရှိ စလင်ဒမြို့နယ်တွင် ရထားလမ်းဖြတ်ကူးစဉ် တစ်ဖက်မှအရှိန်ဖြင့်မောင်းလာသော ရထားနှင့်တိုက်မိကာ မြန်မာနိုင်ငံသားမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်း မြန်မာနိုင်ငံသားမှာ အသက် ၃၅ နှစ်ခန့်အရွယ် အထောက်အထားမဲ့တစ်ဦး ဖြစ်ကာ မလေးရှားနိုင်ငံရှိ စက်ရုံတစ်ခု၌ အလုပ်လုပ်နေသူ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေမှုသေခင်းကိစ္စနှင့်ပတ်သက်၍ စလင်ဒမြို့နယ်ရဲစခန်းမှ ဆောင်ရွက်နေပြီး ရုပ်အလောင်းကို ကွာလာကဘူးဘရူးမြို့ဆေးရုံ အအေးတိုက်တွင် ထားရှိကြောင်း နှင့် သင်္ဂြိုဟ်မည့် ကိစ္စကို ဆက်လက်စီစဉ် နေကြကြောင်းသိရသည်။