




၂.၃.၂၀၂၅
Written By Thandar
Psychology Suspense Drama ဇာတ်လမ်းပုံစံ “အတ္တရောင် ထူးချွန်ဆု” ဇာတ်လမ်းတွဲ Media Press Show ပွဲအခမ်းအနားကို ယနေ့ မတ်လ ၁ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ Kantaryar Shopping Mall ရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ အမေမွှေး@မို့မို့မြင့်အောင်ရဲ့ဇာတ်ကားတွေ အများကြီးကြည့်ခဲ့ရတယ်။ ကြည့်ပြီတော့ အမေမွှေးနဲ့ သားအမိကားတွေလည်း ရိုက်ချင်ခဲ့တယ်။ Ella Production ဇာတ်လေးရှိလားမေးချိန်မှာ ကိုယ်ရေးထားတဲ့ ဇာတ်လေးပြဖြစ်ခဲ့တယ်။ သားတစ်ယောက်နေရာ ကာရိုက်တာနေရာမှာ ကျွန်တော်ပဲနေချင်တာ ပြောဖြစ်ခဲ့တယ်။ ကျွန်တော့်အနုပညာကို ယုံကြည်ပြီတော့ ဒီဇာတ်လေး အမေမွှေးနဲ့ ရိုက်ခွင့်ရခဲ့တာပါ။ အတ္တရောင်ထူးချွန်ဆုဆိုတဲ့အတိုင်း လူတိုင်းမှာအတ္တကိုယ်ဆီရှိကြတယ်လေ။ ဒီဇာတ်လေးရဲ့ ထူးခြားမှုလေး တွေ့ရမှာပါ။ ပရိသတ်တွေ ၅ ရက်နေ့ထုတ်လွှင့်ရင် လိုအပ်ချက်တွေ ထောက်ပြဝေဖန်ပေးပါဦးလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင်မင်းတော်ဝင်က ပြောပါတယ်။
ဒီဇာတ်ကားကို ဇာတ်လမ်း မင်းတော်ဝင်၊ ဇာတ်ညွှန်းပိုင်းကို ပိုင်စိုးသူမောင်နဲ့ မင်းတော်ဝင်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ ထွဋ်တင့်ထွန်းက ရန်ကုန်မြို့မှာ ၂၀၂၄ ခုနှစ်က ရိုက်ကူးပုံဖော်ခဲ့တာပါ။
သရုပ်ဆောင်တွေအနေနဲ့ ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်၊ မင်းတော်ဝင်၊ ရဲလွင်ဦး၊ ထွန်းပုလဲရတနာ၊ မင်းသူ၊ အောင်ဇော်မင်း၊ ထူးနိုင်လင်း၊ သုန္ဒြေဦး၊ မိုခမ်း၊ ဦးဘုန်း၊ ခွန်ဘုန်းနဲ့စတဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
“အတ္တရောင် ထူးချွန်ဆု” ဇာတ်လမ်းတွဲကို မတ် ၅ ရက်က စတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာ နေ့အထိ ည၉ နာရီအချိန်တိုင်း Channel-7 က ပြန်လည်ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။