
၂. ၃. ၂၀၂၅
Written by Hey Mar
တာချီလိတ်ကနေ မန္တလေးကိုမောင်းနှင်လာပြီး ခရီးသည် သုံးဆယ်ကျော် တင်ဆောင်လာတဲ့ Express ယာဉ်တစ်စီးဟာ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီး၊ စပါယ်ရှယ်တောင်၊ လက်ပံကွေ့( ၁) ၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၆၆မိုင် ၆/၇ ဖာလုံ)ကြားမှာ လမ်းဘေးချောက်ထဲ မတော်တဆ ထိုးကျတိမ်းမှောက်ခဲ့ရာက လူခုနစ်ဦးသေဆုံးမှု မနေ့က မတ်လ ၁ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကို ကျိုင်းတုံခရိုင် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်ဆောင်ရွက်ခဲ့ပြီး၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ ကျား(၁၄)ဦး၊ မ(၁၈)ဦးအနက်၊ ကျား(၅)ဦး၊မ(၂)ဦး (သေဆုံး)ခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်စဉ်အတွင်းမြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ တိုင်းနေ လူမှုကူညီရေးအသင်းတာဝန်ရှိသူက” အဲ့ဒီတောင်က ဒီတစ်ဝိုက်နာမည်ကြီးပဲ။ မကြာခဏ ဖြစ်တတ်တယ်။ မနှစ်က မိုးတွင်းဆို လမ်းတွေပျက်လို့ ကားတွေနစ်တာ ဆင်နဲ့ပါဆွဲရတယ်။ ညက ချောက်ကနက် မီးအားကနည်းကြတော့၊ ချောက်နက်ထဲထိတော့ ကျွန်တော်တို့ မဆင်းဖြစ်ဘူး။ သေဆုံးအလောင်း နှစ်လောင်း သယ်လာပေးတယ်။ လူနာတွေ ဒဏ်ရာမပြင်းထန်တဲ့ လူနာတချို့ ဆေးရုံ သယ်လာပေးခဲ့တယ်” လို့ MT News ကိုပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို တိုင်းနေလူမှုကူညီရေးအသင်းမှသူနာတင်ယာဉ်၊ မိဘသွေးလူမှုကူညီရေးအသင်းမှသူနာတင်ယာဉ်၊ နှလုံးလှလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တွေနဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။