၁၇. ၁. ၂၀၂၃
Written by Pan Ei
အဆိုတော်၊ သရုပ်ဆောင်မင်းသမီး ဆယ်လီနာဂိုးမက်ဇ် ဟာ ၂၀၂၃ ခုနှစ်အတွက် ရွှေကမ္ဘာလုံးဆုပေးပွဲကို သူမရဲ့ ညီမငယ် Gracie Teefey နဲ့အတူ တက်ရောက်ခဲ့တာဖြစ်ပြီး ကော်ဇောနီလျှောက်လမ်းထက်က ပုံတွေမှာ သူမရဲ့ဝဖိုင့်စ ခန္ဓာကိုယ်အသွင်အပြင်နဲ့ ပတ်သက်ပြီး အရှက်ခွဲရှုတ်ချဝေဖန်ကြတဲ့ (Body Shamers) သူတွေ များခဲ့ပါတယ်။
ဒီလို ဝေဖန်နေကြတဲ့အပေါ် Selena Gomez က အင်္ဂါနေ့က အင်စတာဂရမ်မှာ “ကျွန်မက အားလပ်ရက်တွေမှာ ပျော်ရွှင်နေတာကြောင့် ကျွန်မ ခန္ဓာကိုယ်က အခုနည်းနည်းကြီးနေပြီ။ ကျွန်မဆိုလိုတာ မှန်ပါသလား” ဆိုပြီး တုံပြန်ခဲ့ရာ ညီမငယ် Teefey ကလည်း “မှန်တယ်” လို့ ပြန်ဖြေခဲ့ပါသေးတယ်။
သူမရဲ့ပရိသတ်တစ်ဦးကလည်း “သူမက ပြည့်စုံပြီးသားပါ၊ ရှင်းပြဖို့မလိုပါဘူး” လို့ မှတ်ချက်ပြု ရေးသားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလည်း သူမရဲ့ အသွင်အပြင်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးကြသူတွေကို အလားတူတုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ဖူးပြီး သူမရဲ့ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ဂရုမစိုက်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် ဒီနေ့မှာ Selena Gomez ဟာ Chainsmokers အဖွဲ့ဝင် Drew Taggart နဲ့ တွဲနေတယ်ဆိုတဲ့သတင်းကို US Weekly ရဲ့ ထုတ်ပြန်ချက်အရ သိရပြီး နှစ်ဦးစလုံးကတော့ အတည်ပြုပြောကြားခြင်း မရှိသေးပါဘူး။
Ref; CNN