
၁.၃.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပေါက်ချောင်းရပ်ကွက်၊ ကွက်သစ်နယ်မြေ(၈)တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ခြင်ဆေးခွေထွန်းထားစဥ် လေးနှစ်အရွယ်ကလေးငယ်က ဆော့ကစားရာမှ နေအိမ်နှစ်လုံးမီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။


ဖြစ်စဥ်မှာ အလျား ၁၆ ပေ၊အနံ ၂၄ ပေ ရှိ နှစ်ထပ်နံကပ် လူနေအိမ်အပေါ်ထပ်တွင် ခြင်ဆေးခွေထွန်းထားရာမှ လေးနှစ်အရွယ်ယောင်ကျ်ားလေးမှာ ဆော့ကစားစဥ် မွေ့ယာသို့ မီးကူးစက် စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကြောင့် အလျား ၁၆ ပေ၊ အနံ ၂၄ ပေရှိ နှစ်ထပ်နံကပ်နေအိမ်တစ်လုံးနှင့် အလျားပေ ၃၀၊ အနံပေ ၃၀ ရှိ နှစ်ထပ်နံကပ်အပေါ်ထပ်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ၃၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၁ စီး၊ အုပ်ချုပ်မှုယာဥ်၊ အထောက်အကူပြုယာဥ်အပါအဝင် စုစုပေါင်း ၁၀ စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးပေါ့ဆသုံးစွဲသူ အိမ်ပိုင်ရှင် အသက် ၆၂ နှစ်အရွယ် အဘိုးအိုကို မိတ္ထီလာမြို့ အမှတ် (၁)ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။