၁၇. ၁. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၆ ရက်အစောပိုင်းက အသက် ၁၇ နှစ်ရှိ ဆယ်ကျော်သက်ရွယ်မိန်းကလေးတစ်ဦး ၎င်း၏ ခြောက်လသားအရွယ်ကလေးငယ်အပါအဝင် လူခြောက်ဦးအား ဂိုရှန်ကျေးရွာရှိအိမ်တစ်အိမ်၌ သေနတ်ဖြင့် ပစ်သတ်သွားခဲ့မှု ဖြစ်ပွားခဲ့ကြောင်းနှင့် မသင်္ကာဖွယ်အနည်းဆုံး လူနှစ်ဦးကို ရဲတပ်ဖွဲ့ကလိုက်လံရှာဖွေနေကြောင်း ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောခဲ့ကြသည်။
လက်ထောက်ခရိုင်ရဲမှူးများက တူလားခရိုင်၊ ဗီဆာလီယာအရှေ့ပိုင်းရှိ ဂိုရှန်ကျေးရွာဘက်မှ သေနတ်သံများကြားရကြောင်းသတင်းရခဲ့ပြီးနောက် ခုနစ်မိနစ်အတွင်း ဇန်နဝါရီ ၁၆ ရက်၊ နံနက် ၃ နာရီခွဲခန့်တွင် တုံပြန်ဆောင်ရွက်မှုပြုခဲ့ကြသည်။ သေနတ်သံအချို့ ပစ်ခတ်သံများကို ကြားခဲ့ရခြင်းကြောင့် ပစ်ခတ်သူအနေဖြင့် ဤနယ်မြေအတွင်းတွင်ပင် ရှိနေလိမ့်မည်ဟု ယူဆကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။
လက်ထောက်ခရိုင်ရဲမှူးများက သေနတ်ဖြင့်ပစ်ခံထားရသူနှစ်ဦးကို လမ်းပေါ်တွင်ပင် သေဆုံးလျက်တွေ့ရပြီး အခြားတစ်ဦးမှာလည်း အိမ်တံခါးဝတွင် ဆိုးရွားစွာထိမှန်သေဆုံးနေကြောင်း တွေ့ခဲ့ရသည်။ အိမ်တွင်းတွင် တွေ့ရသောသုံးဦးအနက် တစ်ဦးမှာ အသက်ရှင်လျက်ရှိသေးသော်လည်း ဆေးရုံသို့အရောက်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။
ခရိုင်ရဲမှူးက စုံထောက်များအနေဖြင့် မသင်္ကာသူ အနည်းဆုံးနှစ်ဦးကို လိုက်လံရှာဖွေနေကာ ဤသတ်ဖြတ်မှုများက ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြောင်း ပြောခဲ့ကြသည်။ ခရိုင်ရဲတပ်ဖွဲ့ရုံးက မူးယစ်ဆေးဝါးနှင့် ဆက်စပ်နေသောရှာဖွေမှုတစ်ရပ်ကို လွန်ခဲ့သည့်အပတ်က ဤအိမ်တွင် ပြုလုပ်ခဲ့သေးကြောင်း သိရသည်။ ဤသတ်ဖြတ်မှုများက လက်နက်ဖြင့် တွေ့ရာလူအကြမ်းဖက်ပစ်ခတ်သည့်ပုံစံမျိုးမဟုတ်ဘဲ မိသားစုတစ်ခုအား ပစ်မှတ်ထားသတ်ဖြတ်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ကယုံကြည်ထားသည်။
အသတ်ခံရသူများတွင် ဆယ်ကျော်သက်မိခင် အလစ်ဆာ ပါရက်ဇ်နှင့် ခြောက်လသားကလေး နီကိုလပ်စ် နိုလန် ပါရက်ဇ်၊ အလစ်ဆာ၏ ဖခင်၏ ဦးလေး၊ ဖခင်၏ ညီအစ်ကိုဝမ်းကွဲ၊ အဖွားနှစ်ဦးတို့ ပါဝင်ကြောင်းသိရသည်။
Ref—-CBS