
၁. ၃. ၂၀၂၅
Written by Hey Mar
ကုန်တင်ကားမောင်းတဲ့ယာဉ်မောင်း အမူးလွန်ပြီး လမ်းဘေးအုတ်တံတိုင်းနဲ့ လမ်းဖြတ်ကူးသူကို ဝင်တိုက်မိတဲ့ဖြစ်စဉ် ဒီနေ့ မတ်လ ၁ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ပါရမီဟိုတယ် အကျော်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရတနာဖြိုး လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။



ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းမပေါ်၊ ပါရမီဟိုတယ်အကျော်မှာ ပုလင်းခွံတွေ တင်ဆောင်လာတဲ့ ၁၀ ပေ Aumark အမျိုးအစားယာဉ်က M.E.Cဝန်ထမ်းအိမ်ရာ ခြံစည်းရိုးအုတ်တံတိုင်းကို ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ရတနာဖြိုးလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ယာဉ်မောင်းက သူ့ကားပေါ် ဘယ်သူဘယ်ဝါ ပါလာမှန်းတောင်သေချာမသိဘူး။ အမူးလွန်နေတာ။ မှောက်ပြီး ကားက အရှိန်နဲ့ ဆွဲသွားတော့ လမ်းပေါ်က လူပါ တိုက်မိပုံရပါတယ်။ သေဆုံးတာက ယာဉ်ပေါ်ပါသူတွေ မဟုတ်ပါဘူး၊ လမ်းဖြတ်ကူးသူပါ” လို့ ကူညီဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေကို ပြောပါတယ်။



အဆိုပါယာဉ်တိမ်းမှောက်မှု့ဖြစ်စဉ်အတွင်း အမျိုးသား (၁)ဦးသေဆုံးကာ ယာဉ်မောင်းအပါအဝင် အမျိုးသား (၂)ဦး မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ အမျိုးသားကို ရန်ကုန်ဆေးရုံကြီးဆီ မြတ်ကုသိုလ်လူမှုကူညီရေးအသင်းယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ကာအရက်မူးပြီးမောင်းနှင်တဲ့ယာဉ်မောင်းကို လိုအပ်တဲ့ မြေပြင်ကုသမှုတွေ ပြုလုပ်ပေးပြီး သက်ဆိုင်ရာက စစ်ဆေးမေးမြန်းနိုင်ဖို့ ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။