
၁. ၃ .၂၀၂၅
Written by Hey Mar
ခပ်ဖြေးဖြေး မောင်းနှင်လာတဲ့ တွဲကားတစ်စီးပေါ် လူတစ်ဦး ခုန်တက်ရာက ပြုတ်ကျကာ တွဲကားနဲ့ ပြန်လည်ကြိတ်မိမှု မနေ့က ဖေဖော်ဝါရီ ၂၈ ရက် ည ၈ နာရီဝန်းကျင်က သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဆယ်မြောက်ရပ်ကွက်၊ လယ်ယာ ၂ လမ်းထိပ်မှာ ဖြစ်ပွားခဲ့ပြီး ယာဥ်မတော်ဆမှုကြောင့် သေဆုံးသူအမျိုးသားမှာ အိမ်ခြေမဲ့တစ်ဦးလို့လည်းသိရပါတယ်။
သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက” တွဲကားက ပလက်ကြီး (ကွန်တိန်နာပုံး မပါဘဲ အလွတ်) မောင်းလာတာကို အဲ့ဒီအမျိုးသားက ပြေးပြီးခုန်တက်တာမှာ ပြုတ်ကျပြီး ဘီးကြားညပ်တာလို့ အနီးအနားမျက်မြင်တွေက သက်ဆိုင်ရာကိုပြောကြတယ်။ သူတို့က တွဲကားသမားကို ဝိုင်းအော်ကြတာပေါ့။ လူပြုတ်ကျပြီး ညပ်နေတယ်ဆိုပြီး အော်ပြောတာကို တွဲကားမောင်းတဲ့ အဘကြီးကလည်း သူတစ်ဦးတည်းမောင်းလာတော့ ကားပေါ် ဘယ်သူမှမပါဘူး။ သူ့ကားကို အော်တယ်မထင်ဘူးပေါ့။ ကျွန်တော်တို့ အသင်းကပဲ ကားဘီးကြားညပ်နေတဲ့ ရုပ်အလောင်းကို ဆွဲထုတ်သယ်ယူပေးခဲ့ပါတယ်လို့” MT News ကို ပြောပါတယ်။
ယာဉ်မောင်းကို သက်ဆိုင်ရာက စစ်ဆေးဖြေရှင်းနိုင်ဖို့ ခေါ်ဆောင်သွားပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။