
၁.၃.၂၀၂၅
Written By Thandar
အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အကယ်ဒမီ မင်းသမီး ဖွေးဖွေးကတော့ သူများအတွဲတွေ့ရင် ပျော်နေပေမယ့် ကိုယ့်တိုင်က အပူမရှာချင်သေးဘူးလို့ဆိုပါတယ်။


“သူများအတွဲတွေ တွေ့ရင် ကိုယ်က ဘေးကကြည့်ပြီးပျော်နေတာပါ။ ဖွေးက ကိုယ်ကိုယ်တိုင်တော့ အပူမရှာချင်သေးဘူး။ ဘဝက စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေရှိတာပါပဲ။ စိတ်ဖိစီးမှုတွေလည်းရှိတယ်။ စိတ်ကို ဖွေးက မျက်နှာသစ်တိုင်း စိတ်ကိုလျှော့ချပြီးတော့ စိတ်ကိုသန့်ရှင်းရေးလုပ်တယ်။ ကိုယ်က ပေါ့ပါးသလိုလေးဖြစ်တာပေါ့။ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်လာတော့ ပြန်ပြီးအသက်ပြန်ရှင်လာသလိုခံစားရတယ်” လို့ အကယ်ဒမီ ဖွေးဖွေးက ပြောပါတယ်။
သူမကတော့ အနုပညာအလုပ်တွေကို ၂၀၂၀ ကိုဗစ်ကာလကတည်းက ရပ်နားခဲ့သူလည်းဖြစ်ပြီး လက်ရှိမှာ ရုပ်ရှင်ဇာတ်ကား ၂ ကား ရိုက်ကူးနေတယ်လို့ ဆိုပါတယ်။
“ဖွေးက ၂၀၂၀ Covid ကာလထဲက နားလိုက်တာ။ ခု ၂၀၂၅ ခုနှစ် ဆိုတော့ ၅ နှစ်ရှိသွားပြီပေါ့။ ဖွေးလည်း ဖွေးပရိတ်သတ်တွေကို တအားလွမ်းပါတယ်လို့။ ကြားထဲမှာ ဖြစ်ပျက်သွားတာတွေကလည်း အများကြီးဆိုတော့လေ၊ အများကြီးတော့ မပြောချင်တော့ပါဘူး။ ဖွေးအခု အရမ်းကြိုးစားနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။
သူမကတော့ သိုးမဲဇာတ်ကား၊ အကြီးကြီး ဇာတ်ကားတွေကိုလည်း ပရိသတ်တွေ ရုံတင်ပြသရင် ကြည့်ပေးကြပါဦးလို့ဆိုပါတယ်။