
၁. ၃. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ ခုနှစ်၊ မတ်လအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ရာတွင် ဆန်ကြမ်းအမျိုးအစားနှင့် ပြည်တွင်းစားဆန်တချို့ ဈေးနှုန်းထပ်မံကျဆင်းလာခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းအရ သိရသည်။



ယခု မတ်လအတွက် (၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ် ဈေးနှုန်းသတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် ကျပ် ၆၈,၀၀၀၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၇၅,၀၀၀၊ ၁၅ မှတ်ဆန်တစ်အိတ် ကျပ် ၇၃,၀၀၀၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၇၈,၀၀၀၊ ၁၀-၅ မှတ်ဆန် တစ်အိတ် ကျပ် ၇၅,၀၀၀၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် ကျပ် ၈၀,၀၀၀ သတ်မှတ်ထားပြီး ဇန်နဝါရီလထက် ကျပ် ၂,၀၀၀ ထပ်မံကျဆင်းခဲ့သည်။
ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစား တစ်အိတ်ကို ကျပ် ၈၂,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ခဲ့ပြီး မြန်မာပြည်အောက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအရည်သွေးကောင်မွန်သည့် ပြည်တွင်းစားဆန် အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် ၉၄,၀၀၀ နှင့် ကျပ် ၉၉,၀၀၀ သတ်မှတ်ခဲ့၍ ယခင်လထက် ကျပ် ၂,၀၀၀ ဝန်းကျင်ကျဆင်းခဲ့သည်။ မြန်မာပြည်အထက်ပိုင်းမှ ထွက်ရှိသော စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကိုမူ ကျပ် ၁၃၃,၀၀၀ နှင့် ဆန်အသစ်အတွက် ကျပ် ၁၂၀,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသည်။
ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများကို ကျပ် ၁၄၅,၀၀၀ မှ ကျပ် ၁၅၀,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသလို ရွှေပေါ်ဆန်းအသစ်များအတွက် ကျပ် ၁၃၀,၀၀၀ နှင့် ကျပ် ၁၃၅,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ခဲ့သည်။
အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ) ဆန်ဟောင်းများကို ကျပ် ၁၀၂,၀၀၀ နှင့် ဆန်အသစ်ဈေးနှုန်းမှာလည်း ကျပ် ၉၀,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသည်။ ပြည်တွင်းစားသုံးမှုများသည့် တောင်ပျံ/ဘေးကြားဆန်အဟောင်း ကျပ် ၁၃၅,၀၀၀ ဖြင့် ယခင်လအတိုင်း သတ်မှတ်ထားပြီး အသစ်ဈေးနှုန်းမှာ ကျပ် ၁၂၂,၀၀၀ နှင့် ကျပ် ၁၁၇,၀၀၀ ကြားဖြင့် ယခင်လအတိုင်း သတ်မှတ်ထားသည်။
အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားသည်။ ထို့ကြောင့် ဈေးကွက်အတွင်း ရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။