
ဇယ်လန်းစကီးက တတိယကမ္ဘာစစ်နှင့် အလောင်းအစားပြုလုပ်နေဟု ထရန့်က ပြောဆို ရှုတ်ချ
၁.၃.၂၀၂၅
Translated by Htwe Ko Tun
သုံးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ ယူကရိန်းစစ်ပွဲပြီးဆုံးဖို့နီးကပ်နေပြီလို့ ယူဆရချိန်မှာပဲ စစ်ပွဲပြီးဆုံးရေးအတွက် အရေးကြီးတဲ့ပုဂ္ဂိုလ်နှစ်ယောက်ဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့ ဖေဖော်ဝါရီလ ၂၈ ရက်က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံကြတုံးမှာပဲ ခေါင်းဆောင်နှစ်ဦး အချင်းများကာ ကတောက်ကဆတ် ဖြစ်ပြီး ဇယ်လန်စကီးကို အမေရိကန်သမ္မတက အိမ်ဖြူတော်ကနေ နှင်ထုတ်လိုက်တယ်လို့တောင် သတင်းအချို့က ဖော်ပြလာကြပြန်လို့ ယူကရိန်းစစ်ပွဲပြီးဆုံးရေးက မရေမရာဘဝရောက်ရပြန်တယ်လို့ ဆိုရမှာပါ။




ရုရှား – ယူကရိန်း စစ်ပွဲပြီးဆုံးမှုအတွက် ယူကရိန်းမှာရှိတဲ့ မြေရှားသတ္တုတွေကို အမေရိကန်ကို ထုတ်ယူခွင့်ပေးဖို့ ထရန့်ရဲ့ တောင်းဆိုချက်ကို လိုက်လျောမယ်လို့ ပြောခဲ့ပြီးတဲ့နောက် ဒီအတွက် သမ္မတနှစ်ဦး တွေ့ ဆုံဆွေးနွေးကာ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးကြဖို့ အိမ်ဖြူတော်ကို ဇယ်လန်စကီးက လာရောက်ခဲ့တာပါ။
“ဆွေးနွေးပွဲမှာ သမ္မတ ထရန့်က ဇယ်လန်စကီးကို အိမ်ဖြူတော်ကနေ နှင်ထုတ်ခဲ့တယ်လို့ ပြောခဲ့ကြတယ်။ ဇယ်လန်စကီးရဲ့ အဖွဲ့ကတော့ သူတို့ ယူကရိန်းကို ပြန်မယ်ပြောနေပါတယ်။ ဇယ်လန်စကီးက စကားပြောနေတုံး ပခုံးတွန့်ပြတာ၊ မျက်လုံးပြူးပြတာတွေက သမ္မတထရန့်အဖို့ ကျေးဇူးကန်းပြီးတော့ မရိုမသေလုပ်တာကိုပြတာပဲလို့ ပြောဆိုကြတယ်လို့လည်း သိရတယ်။ ခေါင်းဆောင်နှစ်ယောက်ရဲ့ အော်သံ၊ ဟစ်သံတွေနဲ့ဆွေးနွေးပွဲအပြီးမှာတော့ သူတို့နှစ်ယောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ဖို့စီစဉ်ထားတာကို ဖျက်ပြီး ဇယ်လန်စကီးက အိမ်ဖြူတော်ကနေ အနက်ရောင်ကားနဲ့ထွက်သွားတယ်”လို့ Fox News ဌာနရဲ့ အကြီးတန်းအိမ်ဖြူတော်သတင်းထောက် ဂျက်ကွီး ဟိန်းရစ်ရှ်က ပြောခဲ့ပါတယ်။
“ခေါင်းဆောင်နှစ်ဦးအတွက် ဆွေးနွေးပွဲခန်းမအပြင်ဘက်မှာ ပြင်ဆင်ထားတဲ့ နေ့လည်စာကတော့ အခုဆို သတင်းသမားတွေကပဲစားရတော့မှာပေ့ါ” လို့ သူက ဆက်ပြောခဲ့ပါတယ်။
သမ္မတနှစ်ဦးက စစ်ပွဲပြီးဆုံးရေးအတွက် မြေရှားသတ္တုတွေဆိုင်ရာ သဘောတူညီချက်ရယူမယ့်ဆွေးနွေးပွဲမှာ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က ဇယ်လန်စကီးကို ကျေးဇူးကန်းသူနဲ့ မရိုမသေပြုလုပ်သူလို့ စွပ်စွဲပြောလိုက်တဲ့အခါမှာတော့ တင်းမာမှုတွေ ပိုလို့ မြင့်တက်လာတာပါ။ ထရန့်ကလည်း ဇယ်လန်စကီးကို တတိယကမ္ဘာစစ်နဲ့ အလောင်းအစားလုပ်နေတယ်လို့ ပြောဆိုရှုတ်ချခဲ့ပါတယ်။
သမ္မတနှစ်ဦးအကြား ဆွေးနွေးတိုက်ခိုက်မှုပြီးကြလို့ ဖယ်လန်စကီးပြန်ထွက်သွားခဲ့ပြီးနောက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန်က ကြေညာချက်တစ်စောင်ထုတ်ခဲ့ပါတယ်။ ကြေညာချက်မှာ ထရန့်က “ကျွန်တော်တို့ ဒီနေ့ အိမ်ဖြူတော်မှာ အရမ်းအဓိပ္ပါယ်ရှိတဲ့ဆွေးနွေးပွဲတစ်ရပ် လုပ်ခဲ့တယ်။ ဒီလို တိုက်ခိုက်မှုတွေ ဖိအားတွေအောက်မှာ ပြောဆိုဆွေးနွေးမှုတွေမလုပ်ဘဲ ဘယ်လိုမှ နားလည်နိုင်စွမ်း မရှိတာကို လေ့လာခဲ့ရတယ်။ ဆွေးနွေးပွဲမှာ စိတ်ခံစားရမှုထွက်ပေါ်လာချက်တွေအတွက် အံ့သြမိတယ်။ ဇယ်လန်စကီးဟာ တကယ်လို့ အမေရိကန်က ပါဝင်ပတ်သက်ခဲ့ရင်တောင် ငြိမ်းချမ်းရေးအတွက် အဆင်သင့်မဖြစ်သေးဘူး။ သူက ကျွန်တော်တို့ ပါဝင်ပတ်သက်ခဲ့ရင် ညှိနှိုင်းဆွေးနွေးပွဲတွေမှာ အခွင့်အခါကောင်းဖြစ်စေမယ်လို့တွေးထင်ပုံရတယ်။ ကျွန်တော်တို့က ဒီလိုအခွင့်အခါကောင်းအတွက် မလိုလားဘူး။ ငြိမ်းချမ်းရေးကိုပဲ လိုလားတာ။ သူက အမေရိကန်ပြည်ထောင်စုရဲ့ ဘဲဥပုံရုံးခန်းမှာ အမေရိကန်ပြည်ထောင်စုကို မရိုမသေပြုခဲ့တယ်။ တကယ်တမ်းငြိမ်းချမ်းရေးအတွက် အဆင်သင့် ဖြစ်ရင် သူပြန်လာနိုင်မှာပါလို့ ဖော်ပြခဲ့ပါတယ်။
Ref -The Hindustan Times