
၂၈. ၂. ၂၀၂၅
Written by Nay Moe
နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံပြည်သူအချို့၏ လျှို့ဝှက် ဆက်သွယ် သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်း အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် PDF များသည် နတ်မောက်မြို့နယ်၊ ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်းသိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ညနေပိုင်းတွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF သုံးလောင်း၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံ လုပ် ဆောင်လျက်ရှိသည့် PDF များသည် နတ်မောက်မြို့နယ်၊ ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အရောက်၌ PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ အလောင်း သုံးလောင်း၊ GLOCK ပစ္စတို ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် လက်နက်ကိုင်ဆောင်၍ ဒေသခံ ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများအပေါ် စိတ်မထင်လျှင် မထင်သလို သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ရပ်ရွာ တည်ငြိမ်အေးချမ်း အတွက် အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အချိန်မီလျှို့ဝှက်စွာ သတင်းပေးပို့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားသည်။