အွန်လိုင်းစနစ်ဖြင့် ရက်ကြိုလက်မှတ်များနှင့် အသွားအပြန် လက်မှတ်များကိုပါ ဝယ်ယူနိုင်ရေး ဆောင်ရွက်နေ

၂၈. ၂. ၂၀၂၅
Written by Nyein Kyaw
ဂျပန်နိုင်ငံထုတ် DEMU တွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-နေပြည်တော် အမြန်ရထားခရီးစဉ်အသစ်နှင့် ခေတ်မီလေအိတ်လူစီးတွဲများဖြင့် နေပြည် တော် – မန္တလေးခရီးစဉ်အသစ်များ ယနေ့ စတင်ပြေးဆွဲပြီး ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ရထားခရီးစဉ်တိုးချဲ့ ပြေးဆွဲခြင်းအစီအစဉ်အား ယနေ့နံ နက်ပိုင်းတွင် ရန်ကုန်ဘူတာကြီး၊ အမှတ်(၁) စင်္ကြံ၌ အမှတ် (၇)အဆန် ရန်ကုန် – နေပြည်တော် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားခရီးစဉ် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်မြိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာခဲ့သည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်က မြန်မာ့မီးရထားတာဝန်ရှိသူများနှင့်အတူ မန္တလေးဘူတာကြီး၌ အမှတ်(၂၈)အစုန် လေအိတ်ရထားခရီးစဉ်သစ်အဖြစ် နေပြည်တော်သို့ စတင်ထွက်ခွာမည့် ရထားတွဲဆိုင်းနှင့် လိုက်ပါမည့်သူများအား ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး နံနက် ၆ နာရီတွင် ရထားစတင်ထွက်ခွာခဲ့သည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နေပြည်တော်ကောင်စီ၊ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ နေပြည်တော်ဘူတာကြီးတွင် အမှတ် (၂၈)အစုန် မန္တလေး-နေပြည်တော် လေအိတ်ရထားခရီးစဉ်သစ်ဖြင့် နံနက် ၁၁ နာရီတွင် ဆိုက်ရောက်လိုက်ပါလာကြသည့် ခရီးသည်များအားလည်းကောင်း၊ အမှတ်(၇)အဆန် ရန်ကုန်-နေပြည်တော်ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် နံနက် ၁၁ နာရီခွဲတွင် ဆိုက်ရောက်လိုက်ပါလာကြသည့် ခရီးသည်များအား လည်းကောင်း ကြိုဆိုနှုတ်ဆက်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က နေပြည်တော်ဘူတာမှ ရန်ကုန်သို့ နေ့လယ် ၁၂ နာရီတွင် ထွက်ခွာမည့် အမှတ်(၈)အစုန် ခေတ်မီ DEMU ရထားခရီးစဉ်သစ်ဖြင့် လိုက်ပါမည့် ခရီးသည်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလူမွန်နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် နေ့လယ် ၁၂ နာရီတွင် မန္တလေးသို့ ထွက်ခွာမည့် အမှတ်(၂၇)အဆန် လေအိတ်ရထားခရီးစဉ်သစ်ဖြင့် လိုက်ပါသွားကြမည့် ရထားစီးခရီးသည်များကိုလည်းကောင်း ပို့ဆောင်နှုတ်ဆက်ခဲ့သည်။
နေပြည်တော်ဘူတာမှ ထွက်ခွာကြသည့် အမှတ်(၂၇) အဆန်လေအိတ်ရထားသည် မန္တလေးသို့ ညနေ ၅ နာရီနှင့် အမှတ်(၈) အစုန် ခေတ်မီ DEMU ရထားသည် ရန်ကုန်သို့ ညနေ ၅ နာရီခွဲတွင် အသီးသီးရောက်ရှိခဲ့ကြကြောင်း သိရသည်။
ယခင်က ရန်ကုန်-မန္တလေးခရီးစဉ် ပြေးဆွဲချိန် ၁၉ နာရီကြာမြင့်ခဲ့သော်လည်း ယခုခရီးစဉ်တွင် ရန်ကုန်-နေပြည်တော်ခရီးစဉ်တွင် ၅ နာရီခွဲ၊ နေပြည်တော်-မန္တလေးခရီးစဉ်တွင် ၅ နာရီနှင့် နေပြည်တော်၌ ရထားကူးပြောင်းချိန် ၃၀ မိနစ် စုစုပေါင်း ၁၁ နာရီခန့်သာ ကြာမြင့်တော့မည်ဖြစ်၍ ပြေးဆွဲချိန်ကို သိသာစွာလျှော့ချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်များအတွက် ရထားလက်မှတ်များကို ရန်ကုန်မြို့၌ ရန်ကုန်ဘူတာကြီး၊ အင်းစိန်ဘူတာနှင့် တိုးကြောင်ကလေးဘူတာ၊ နေပြည်တော် ၌ နေပြည်တော်ဘူတာကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ် (၅)၊ ပျဉ်းမနားဘူတာနှင့် သပြေကုန်းဈေး၊ မန္တလေးမြို့၌ မန္တလေးဘူတာကြီးနှင့် မြို့ဟောင်းဘူတာတို့တွင် ဝယ်ယူနိုင်မည့်အပြင် အွန်လိုင်းစနစ်ဖြင့် ရက်ကြိုလက်မှတ်များ၊ အသွားအပြန် ခရီးအတွက်လက်မှတ်များအား တစ်ပါတည်းဝယ်ယူနိုင်ရေးတို့အတွက်ကိုလည်းကောင်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန် – နေပြည် တော်၊ နေပြည်တော်-ရန်ကုန်အတွက် ပထမတန်း ကျပ် ၁၉,၀၀၀၊ အထက်တန်း ကျပ် ၂၈,၀၀၀ ဖြစ်ပြီး မန္တလေး – နေပြည်တော်၊ နေပြည်တော် – မန္တလေးအတွက် ရိုးရိုးတန်း ကျပ် ၇,၀၀၀၊ အထက်တန်း ကျပ် ၁၁,၀၀၀ ဖြစ်သောကြောင့် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန် ခရီးစဉ်အစဆုံး ပထမတန်း/ရိုးရိုးတန်း ကျပ် ၂၆,၀၀၀၊ အထက်တန်းငွေကျပ် ၃၉,၀၀၀ ဖြစ်သည်။