
၂၈. ၂. ၂၀၂၅
Written by Nay Moe
မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) ၏ ဒါရိုက်တာ အဖွဲ့အနေဖြင့် MTSH သည် ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီးရှိ GCL ၏ သီးသန့် မဟုတ်သော အရောင်းကိုယ်စားလှယ် (The Non-Exclusive Distributor) နှင့် အရောင်းကိုယ်စားလှယ် သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဤသဘောတူညီချက်အရ MTSH အား GCL အမှတ်တံဆိပ် Solar Modules (Solar Panels) များနှင့် Power Solutions များကို မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူး ရောင်းချရန် ခွင့်ပြုလိုက်သည်ဟု သိရသည်။
GCL Group သည် ကမ္ဘာ့ထိပ်တန်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာအုပ်စုကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းတွင် အဆင့် ၂ နေရာ၌ ရပ်တည်လျက်ရှိသည်။ နှစ်ပေါင်း ၃၅ နှစ်ကျော်စွမ်းအင်လုပ်ငန်းအတွေ့အကြုံများနှင့် နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ဖြေရှင်းနည်းများကို ပေးစွမ်းလျက်ရှိသော ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိသော အုပ်စုကုမ္ပဏီကြီး တစ်ခုဖြစ်သည်။
GCL Group သည် ရှန်ကျန်းနှင့် ဟောင်ကောင်စတော့အိတ်ချိန်းများ၌ စာရင်းဝင်ထားသည့် ကော်ပိုရိတ်ကုမ္ပဏီကြီးလေးခုဖြင့် ပါဝင်ဖွဲ့စည်းထားပြီး Silicon Materials, Solar Modules, Energy Storage Systems (ESS), and Power Solutions များပါဝင်သော ပေါင်းစပ်စွမ်းအင်လုပ်ငန်း ကွင်းဆက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ GCL ၏ ဆိုလာနှင့်စွမ်းအင်သိုလှောင်မှုဖြေရှင်းချက်များ၊ ခေတ်မှီသုသေတနနှင့် ဖွံ့ဖြိုးမှုများ (R&D) သည် အမြင့်မားဆုံးစွမ်းဆောင်ရည်၊ ရေရှည်ခံနိုင်မှုနှင့် ကုန်ကျစရိတ် ထိရောက်မှုတို့အတွက် ယုံကြည်စိတ်ချရသောရွေးချယ်မှုတစ်ခုဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ခိုင်မာသောတည်ရှိမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကတိကဝတ်များဖြင့် အားကိုးအားထားပြုနိုင်သော စွမ်းအင်ဖြေရှင်းချက်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
GCL Group သည် လေအားနှင့်ဆိုလာစွမ်းအင်တို့နှင့် ဟိုက်ဒရိုဂျင်သိုလှောင်မှုကို ပေါင်းစပ်ရာတွင်လည်း ရှေ့ဆောင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး သန့်ရှင်းသော စွမ်းအင်ဖြေရှင်းနည်းသစ်များကို အဆင့်မြှင့်တင်လျက်ရှိသည်။ ကုမ္ပဏီသည် Silicon, Lithium နှင့် Carbon အပါအဝင် အဓိကပစ္စည်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားကာ စိမ်းလန်းသော၊ ကာဗွန်နည်းသော ကာဗွန်မဲ့နည်းပညာများကို မြှင့်တင်ပေးလျက်ရှိသည်။
ဤလုပ်ဆောင်ချက်သည် MTSH ၏ အုပ်စုကုမ္ပဏီ များဖြစ်သော MTSH, TPD နှင့် MJTD တို့၏ နေရောင်ခြည် စွမ်းအင်လုပ်ငန်းဈေးကွက်ချဲ့ထွင်မှုကိုမြှင့်တင်ပေးမည် ဖြစ်သည့်အပြင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ ထို့အပြင် MTSH ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု ရည်မှန်းချက်ဆိုင်ရာ ကတိကဝတ်များအပေါ် အပြုသဘောဖြင့် အကျိုးသက်ရောက်စေမည်ဖြစ်ပြီး အနာဂတ်ကာလအောင်မြင်မှုများ ဖော်ဆောင်ရာတွင် မှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်သည်။
MTSH အနေဖြင့် အရည်အသွေးမြင့်ဆိုလာစီမံကိန်းများကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်သော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး MTSH ၏ ကွန်ရက်ချဲ့ထွင်ကာ မိမိတို့၏ အောင်မြင်မှု၊ မိတ်ဖက်များ၏ အောင်မြင်မှု၊ လူထုအကျိုးဖြစ်ထွန်းစေမှုများကို အတူတကွဖန်တီးသွားရန် ရည်ရွယ်ထားသည်။ ထို့ကြောင့် MTSH အနေဖြင့် GCL ၏ ခေတ်မီဆိုလာပြားနည်းပညာနှင့် အရည်အသွေးမြင့်ထုတ်ကုန်များမှတစ်ဆင့် ရေရှည်တည်တံ့သော စွမ်းအင် ဖြေရှင်းနည်းများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်အောင် ကူညီထောက်ပံ့သွားမည် ဖြစ်သည်။