
ပုံစာ။ NLD ထောက်ခံသူ တင်မောင်ဇော်က ဒေါပုံ၊ ကြည်စုရပ်ကွက်မှ ရပ်ကျေးတာဝန်ရှိသူများကို ဓာတ်ဆီပက် မီးရှို့ခဲ့စဥ်က မြင်ကွင်း။
၂၈.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် NLD ထောက်ခံသည့်အမျိုးသားက ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ခဲ့သောကြောင့် ရရှိသည့် ဒဏ်ရာဖြင့် ကုသမှုခံယူနေသော ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်ရာအိမ်မှူး ကွယ်လွန်ရှာပြီ ဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်၊ အမှတ် (၄၂၉) တိုက်ရှေ့စားပွဲခုံတွင် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကို ရပ်ကွက်အလိုက် ပြန်လည်စိစစ်ဆောင်ရွက်နေစဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူက ဆေးကုနေရင်း အပူကြီး၊ အဖျားဝင်တာ။ အပူက ၁၀၅ ကျော်ထိ တက်တာ ..မကျ။ ဒဏ်ရာကလည်း သိပ်တော့ မကောင်းနိုင်သေးတဲ့အချိန်ဖြစ်နေသေးတော့ အနာရှိန်ကြောင့် ဖြစ်သွားတဲ့ သဘောပါ။ ဆုံးတဲ့နေ့ပဲ သင်္ဂြိုဟ်တာပါ”ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။


ဓာတ်ဆီဖြင့်ပက်၍မီးရှို့ခဲ့စဉ် အမျိုးသားရာအိမ်မှူး၏ ဦးခေါင်း၊ ကိုယ်ခန္ဓာတို့တွင် လည်းကောင်း၊ အမျိုးသမီး ဆယ်အိမ်မှူး၏ ခန္ဓာကိုယ်တစ်ခြမ်းနှင့် အမျိုးသမီးရုံးအကူ၏ ပေါင်နှင့်ခြေသလုံးတို့တွင် မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသောကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေကြခြင်းလည်း ဖြစ်သည်။
ဆေးကုသနေစဉ် သေဆုံးသွားသည့် ကြည်စုရပ်ကွက်ရာအိမ်မှူးမှာ အသက်(၅၀) ကျော်အရွယ်ရှိ ဦးအောင်မိုးဖြစ်ပြီး ဆယ်အိမ်မှူး အသက် (၅၀) ခန့်အရွယ် ဒေါ်နှင်းသီတာနှင့် အသက် (၁၇) နှစ်အရွယ် ရုံးအကူ ဒေါ်စန်းဝေကျော်တို့ မှာ ဆေးကုသမှုခံယူနေကြရဆဲဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်ထိ ဓာတ်ဆီဖြင့်ပက်၍ မီးရှို့သွားသည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်၊ အိမ်အမှတ် (၄၃၀) နေ ဦးတင်မောင်ဇော် (ခ)ဖိုးဇော်(ဘ)ဦးမြသန်းကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။