




၂၈.၂. ၂၀၂၅
Written by Nay Moe
မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေပြီး PDF နှင့် KNDF ဘက်မှ လေးဦးထက်မနည်းသေဆုံးထားသည်ဟု MOBYE PDF Rescue Team-MPRT တပ်ဖွဲ့က ယခုမနက် အတည်ပြုသည်။
မိုးဗြဲအခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှ စစ်ကြောင်းထိုးလာ၍ PDF ၊ KNDF ၊ တပ်ပေါင်းစုများနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသလို PDF နှင့် ကယားတပ်ပေါင်းစုဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူ ငယ်လေး၊ တီးနို၊ ညီထွေး အပါအဝင် လေးဦးထက်မနည်းမှာ ဖေဖော်ဝါရီ ၂၇ ရက်တိုက်ပွဲများအတွင်း သေဆုံးခဲ့သည်။
PDF နှင့် ကယားလက်နက်ကိုင်များ ထိန်းချုပ်ထားသော မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများအတွင်း အကျအဆုံးများပြားနေသလို KNDF စစ်ရေးချုပ် ခူရီးဒူကလည်း “ကံတရားက ဘယ်တော့ ကိုယ်အလှည့် ရောက်လာမည်မသိကြောင်းနှင့် ခူရီးဒူအလှည့်ရောက်ပါက သင်သွားလိုရာသွားနိုင်ကြောင်း အမိန့်စာပြန်ပေးပါ”ဟု ဝမ်းနည်းတောင်းဆိုပို့စ်ကိုလည်း လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
တပ်မတော်နှင့် နီးစပ်သော တယ်လီဂရန်သတင်းဌာနများတွင်မူ တပ်စစ်ကြောင်းထိုးစစ်အတွင်း KNDF နှင့် PDF တပ်ပေါင်းစုဘက်မှ ၁၆ ဦး သေဆုံးဒဏ်ရာရရှိကြောင်း ဖော်ပြနေသည်။