၁၇ . ၁. ၂၀၂၃
Written By Thandar & Hay Mar
မြန်မာ့အသက်ငယ်ဆုံး မော်ဒန်ပန်းချီဆရာ စွမ်းထက်နိုင်ရဲ့ Genius SHN Second Solo Show ပန်းချီပြပွဲကို ၇ ရက်တိတိပြသသွားမှာဖြစ်တယ်လို့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ အနော်ရထာ ပန်းချီပြခန်းမှာ ကျင်းပခဲ့တဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ပြောပါတယ်။
ဒီပန်းချီပြပွဲကိုတော့ ဇန်နဝါရီ ၁၇ ရက်ကနေ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီခွဲအထိ အနော်ရထာပန်းချီပြခန်းမှာ ပြုလုပ်မှာဖြစ်ပြီးတော့ Artist SHN ရဲ့ အသက် ၁၁ နှစ်အရွယ်ကနေ ၁၄ နှစ်အတွင်း ရေးဆွဲထားတဲ့ ပန်းချီကား ၇၄ ကားနဲ့ပြသနေတာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော့်အနေနဲ့ ပန်းချီတွေဆွဲနိုင်အောင် မိဘနှစ်ပါးရယ် ပရိသတ်တွေက ခွန်အားပေးခဲ့လို့ပါ။ ပန်းချီဆွဲနေတဲ့အချိန်မှာ စိတ်ခံစားချက်ကတော့ ကိုယ်လုပ်နေကြနေ့စဥ်အလုပ်လို သဘောထားဖြစ်ပါတယ်။ စိတ်ကြိုက် လွတ်လွတ်လပ်လပ်ပဲ ပန်းချီတွေရေးဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း ပန်းချီတောက်လျှောက်ရေးသွားမှာပါ။ မြန်မာနိုင်ငံရဲ့ အနုပညာအဆင့်အတန်းကို ကျွန်တော်မြှင့်တင်အောင် ရှေ့လျှောက်လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်”လို့ Artist SHN က ပြောပါတယ်။
ပြပွဲကျင်းပမယ့် အခမ်းအနားမှာတော့ အနော်ရထာပန်းချီပြခန်းကော်မတီ ဥက္ကဋ္ဌဦးမျိုးသော်က Artist SHN Second Solo Show ပြပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းပြခဲ့ပြီးတော့ နာမည်ကြီးဆရာတွေဖြစ်ကြတဲ့ အမျိုးသားစာပေဆုရ မြန်မာစာဂုဏ်ထူး ဦးသိန်းနိုင်၊ စာရေးဆရာ ချစ်ဦးညို၊ အမျိုးသားစာပေဆုများရှင် ဆရာဟိန်းလတ်၊ စွယ်စုံအနုပညာရှင် ကိုအောင်ကျော်ထွန်း(အလင်္ကာဒီပသံစုံတီးဝိုင်း) တို့က မုဒိတာစကား ပြောကြားခဲ့ပါတယ်။
စွမ်းထက်နိုင်ဟာ အသက် ၁၄ နှစ်အရွယ် ၈တန်း ကျောင်းသားဖြစ်ပြီးတော့ MoMA (The Museum of Modern Art) လို့ခေါ်တဲ့ New York Museum တစ်ခုမှာ ပန်းချီလေ့လာခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပထမပြပွဲကို ၂၀၂၂ အောက်တိုဘာလ ပထမအပတ်တုန်းက လောကနတ်ပန်းချီပြခန်းမှာ ပြသခဲ့တယ်လို သိရပါတယ်။ လက်ရှိ ပန်းချီပြပွဲမှာတော့ အထူးအစီအစဉ်အနေနဲ့ ညနေ ၄ နာရီကနေ ၆ နာရီကြားမှာ သူကိုယ်တိုင် နေ့စဉ်လက်တွေ့ရေးဆွဲပြမယ့် အစီအစဉ်တွေလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။
“ကျွန်တော်က ပန်းချီတွေကို စိတ်ကြိုက်လွတ်လပ်စွာ ရေးခြယ်ခွင့်ရပြီးတော့ ကျန်တဲ့ ပန်းချီဆရာတွေ ၂ပေ ၃ ပေဆိုတ်လောက်ကို သူ့တို့ရေးဆွဲဖို့မတတ်နိုင်လို့လည်း ကျွန်တော်အရမ်းဝမ်းနည်းရပါတယ်။ ကိုယ်က စိတ်ကြိုက်ဖန်တီးရပြီး မတတ်နိုင်လို့ ပန်းချီတွေ ရေးဆွဲခွင့်မရသူတွေကို အလှူအတန်းတွေ လုပ်သွားဖို့ရှိပါတယ်။ လာမယ့် တစ်နှစ်လောက်မှာတော့ ဒီအစီအစဥ်ကို အကောင်အထည်ဖော်ပါမယ်။ မြန်မာနိုင်ငံမှာက လူငယ်တွေကို နေရာမပေးချင်ကြပါဘူး။ ဒါကြောင့်လည်း ကျွန်တော် MoMA လို့ခေါ်တဲ့ New York ကျောင်းမှာတက်ခဲ့တာပါ ”လို့ သူက ဆက်ပြောပါတယ်။