
၂၈. ၂. ၂၀၂၅
Written by Nyein Kyaw
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ခဲ့သည့် (၃) နှစ်နှင့် (၁) လတာကာလ (၃၇ လ)အတွင်း ကျပ် ၄၅၈ ဘီလျံကျော် တန်ဖိုးရှိ တရားမဝင်ကုန်သွယ်မှု အမှုတွဲပေါင်း ၁၉,၀၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၅) တွင် ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၈)ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး (၁၇) ကြိမ်အထိဆုံးဖြတ်ချက် ၅၈၉ ချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃) နှစ်နှင့် (၁) လတာကာလ အတွင်း ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၈ ဘီလျံကျော် ဖမ်းဆီးရမိခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ယခုအစည်းအဝေး ကျင်းပသည့်ကာလဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးကအများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးက တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင် ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများသည် ဒုတိယအများဆုံးနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများသည် တတိယအများဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ကျပ် ၄၄ ဒသမ ၁၈၃ ဘီလျံနှင့် အများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ကျပ် ၆၅ ဘီလျံ၊ ၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးရမိမှု ကျပ် ၁၃၅ ဘီလျံကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကျပ် ၂၂၃ ဘီလျံ ဖမ်းဆီးနိုင်ခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။