



၂၇.၂.၂၀၂၅
Written by KL
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းယု(၁၀၅) မိုင်၊ ရွှေစတားထက်ဆီဆိုင်ရှေ့တွင် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က သားအဖနှစ်ဦး စီးလာသော ဆိုင်ကယ်တိမ်းမှောက်၍ ဖခင်သေဆုံးပြီး အသက် ၄ နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မိုင်းယု(၁၀၅)မိုင် ပါရမီလူမှုကူညီအသင်းထံမှ သိရသည်။
သားအဖနှစ်ဦး စီးလာသော ဆိုင်ကယ်မှာ ကွတ်ခိုင်မြို့နယ်၊ ဆွန်လုံကျေးရွာမှအပြန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ်ရှိ ကိုဟောင်းခေါင်ဖြစ်ကြောင်း မိုင်းယု(၁၀၅)မိုင် ပါရမီလူမှုကူညီအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
“သေဆုံးတဲ့သူက ဆိုင်ကယ်မောင်းလာရင်း သတိလစ်ပြီး အမြုပ်ထွက်ရင်း ဆုံးသွားတာ။ ကလေးကတော့ ခေါင်းနဲ့ မျက်စိထိသွားလို့ ဆေးရုံမှာ ဆေးကုသနေရတယ်။ ကလေးကလည်း စိုးရိမ်ရပါတယ် “ဟု မိုင်းယု(၁၀၅)မိုင် ပါရမီလူမှုကူညီ အသင်းဝင်တစ်ဦးက ပြောသည်။
ဆိုင်ကယ်တိမ်းမှောက်ရာနေရာသို့ မိုင်းယု(၁၀၅)မိုင် ပါရမီလူမှုကူညီအသင်းမှ အသင်းဝင်များက သွားရောက်ခဲ့ရာ ဒဏ်ရာရရှိသူ ကလေးကို မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မူဆယ် ပြည်သူ့ဆေးရုံမှတစ်ဆင့်နေအိမ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။