MMQR စတင်အသုံးပြုခြင်း အခမ်းအနားသို့ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးများပါ တက်ရောက်




၂၇. ၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် မြန်မာကြူအာ (MMQR) ကို စတင်အသုံးပြုခဲ့ပြီး အစိုးရပိုင်းဆိုင်ရာ အခွန်အခ၊ လစာများ၊ ပုဂ္ဂလိကဆေးရုံ၊ စာသင်ကျောင်းနှင့် စီးပွားရေးကဏ္ဍမျိုးစုံတို့တွင် ငွေပေးချေမှုအတွက် MMQR ကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် MMQR စတင်အသုံးပြုခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။
နိုင်ငံအတွင်း၌ မတူညီသည့်ငွေပေးချေမှုစနစ်များ၏ QR Code အမျိုးမျိုးကိုချိတ်ဆက်ပြီး ငွေပေးချေမှုများ ပိုမိုအဆင်ပြေသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ နေ့စဉ်ဘဝတွင် အသုံးပြုမှုများသည့် လက်လီငွေလွှဲပြောင်းပေးချေမှုများကို စရိတ်သက်သက်သာသာဖြင့် လွယ်ကူမြန်ဆန်စွာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာ QR Code (MMQR)ကို အသုံးပြုခြင်းအားဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း မရှိသေးသူများသာမက ရှိပြီးသားသူများကိုပါ ငွေရေးကြေးရေးစနစ်တွင် ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှုများကို ရယူနိုင်ရန် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ငွေသားကိုင်တွယ်သုံးစွဲမှုအား လျှော့ချနိုင်မည်လည်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။






ထို့ပြင် မတူညီသည့် ဘဏ်စာရင်းများ၊ မတူညီသည့် ဒစ်ဂျစ်တယ် မိုဘိုင်းပိုက်ဆံအိတ်များ၊ မတူညီသည့် ပေးချေမှုစနစ်များကို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်သည်များနှင့် အသုံးပြုသူများအကြား ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာများတွင် လျင်မြန်လွယ်ကူပြီး ရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
MMQR အသုံးပြုပြီး ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်း အစရှိသည့်စီးပွားရေး လုပ်ငန်းစုံစုံလင်လင်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခုကဲ့သို့ ကဏ္ဍစုံကစီးပွားရေးလုပ်ငန်းများ စုံစုံလင်လင်ပါဝင်လာနိုင်မည်ဖြစ်သည့်အတွက် လွယ်ကူထိရောက် မြန်ဆန်ပြီး စွမ်းဆောင်ရည်ပြည့်သည့် ငွေပေးချေမှုစနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်မည်ပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။